“ပြည့်စုံစွာရေးသားဖော်ပြခြင်းမရှိတဲ့ TIME Magazine ၏ရေးသားချက်များကို ပြစ်တင်ရှုတ်ချ”
24 Sep
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အမှန်တကယ်ဖြေကြားခဲ့တဲ့ အကြောင်းအရာများကို ရေးသားဖော်ပြခြင်းမရှိဘဲ အခြားအကြောင်းအရာများနှင့် သုံးသပ်ချက်များ ထည့်သွင်း ရေးသားခဲ့သော TIME Magazine သတင်းထောက် Charlie Campbell ၏ ရေးသားဖော်ပြချက်များကို ပြစ်တင် ရှုတ်ချကြောင်း စက်တင်ဘာလ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ TIME Magazine ၏ မေတ္တာရပ်ခံအဆိုပြုချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က TIME Magazine သတင်းထောက် Charlie Campbell ကို လက်ခံတွေ့ဆုံကာ မေးခွန်းများကို ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။ သို့သော် TIME Magazine Online Media တွင် ဖော်ပြရာမှာ မူလအင်တာဗျူးဆောင်ရွက်ခဲ့တဲ့ အမေး၊ အဖြေပုံစံနဲ့ ဖော်ပြခြင်း မရှိဘဲ ဆောင်းပါးပုံစံနဲ့ ရေးသားဖော်ပြခဲ့တဲ့အပြင် နိုင်ငံတော်သမ္မတက အမှန်တကယ်ဖြေကြားခဲ့တဲ့ အကြောင်းအရာ များကိုလည်း ပြည့်စုံစွာဖော်ပြခဲ့ခြင်းမရှိကြောင်း သိရပါတယ်။ ဆောင်းပါးတွင် အင်တာဗျူးမေးမြန်းဖြေကြားမှုနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိတဲ့ အခြားပုဂ္ဂိုလ်များနှင့် တွေ့ဆုံမေးမြန်းထားမှုများ၊ ၎င်းတို့၏ သုံးသပ်ချက်များနှင့် အပြုသဘောမဆောင်တဲ့ ရေးသားဖော်ပြချက်များကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။ TIME Magazine နှင့် သတင်းထောက်များအနေနဲ့ ကနဦးဆွေးနွေး သဘောတူညီ ထားတဲ့ အကြောင်းအရာများမှာ ပါဝင်မှုူမရှိသောအချက်များကို အလေးပေးဖော်ပြခဲ့ပြီး မြန်မာအစိုးရနှင့် မြန်မာနိုင်ငံ အပေါ်နိုင်ငံတကာက အထင်အမြင်လွဲမှားစေနိုင်တဲ့ အသုံးအနှုန်းများနဲ့ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အခုလိုရေးသားဖော်ပြမှုက မီဒီယာကျင့်ဝတ်(Media Ethics)နှင့် လျော်ညီမှုမရှိတဲ့အပြင် မီဒီယာကျင့်ဝတ် သိက္ခာကို စောင့်ထိန်းလိုက်နာခြင်းမရှိကြောင်းဟုဆိုကာ TIME Magazine သတင်းထောက် Charlie Campbell ၏ ရေးသားဖော်ပြချက်များကို ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ TIME Magazine က မြန်မာအစိုးရအနေနဲ့ ပြည်ထောင်စုမပြိုကွဲရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရာမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတော်၏ သမိုင်းဝင်အခန်းကဏ္ဍ၊ မြန်မာနိုင်ငံတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ခဲ့မှုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ အောင်မြင်မှုများကို ယင်းတို့၏ မဂ္ဂဇင်းမှာ “The Future of Myanmar” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြရန် အင်တာဗျူးပြုလုပ်လိုကြောင်း မြန်မာသံရုံး၊ စင်ကာပူမှတစ်ဆင့် မေတ္တာရပ်ခံအဆိုပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)