“ဂျပန်နိုင်ငံ ဆာကူရာဂျီမာမီးတောင် ထပ်မံပေါက်ကွဲမှုဖြစ်ပွားပြီး မီးတောင်ထိပ်မှ မီးတောင်ပြာများ မီတာ ၁၄၀၀ ထိ ပျံ့နှံ့နေ”
24 Sep
ဂျပန်နိုင်ငံ ကျူရှူးကျွန်းရှိ ဆာကူရာဂျီမာမီးတောင်သည် စက်တင်ဘာလ ၂၂ ရက် နံနက်ပိုင်းတွင် ထပ်မံ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးတောင်ထိပ်မှ မီးတောင်ပြာများ မီတာ ၁၄၀၀ ထိ ပျံ့နှံ့နေကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA)၏ ထုတ်ပြန်ချက်များအရ သိရသည်။ ဆာကူရာဂျီမာမီးတောင်သည် စက်တင်ဘာလ ၂၂ ရက် နံနက် ၂ နာရီ ၂၉ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၃ နာရီ ၁၉ မိနစ်တွင် တစ်ကြိမ်၊ နံနက် ၅ နာရီ ၁ မိနစ်ခန့်တွင်တစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးတောင်ပြာများ ကောင်းကင်ယံတွင် ပျံ့လွင့်နေကြောင်း၊ ထို့ကြောင့် အာဏာပိုင်များက မီးတောင်ပြာဆိုင်ရာ သတိပေးချက်များ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဂျပန်အာဏာပိုင်များက ဆာကူရာဂျီမာမီးတောင်အတွက် မီးတောင်အန္တရာယ်သတိပေးအဆင့် (၃)ကို ဆက်လက်ထားရှိပြီး မီးတောင်ထိပ်မှ နှစ်ကီလိုမီတာခန့်အတွင်း ကြီးမားသော မီးတောင်ကျောက်စများ လွင့်စဉ် ကျရောက်နိုင်သကဲ့သို့ လေထုညစ်ညမ်းမှုလည်း ဖြစ်ပေါ်နိုင်သဖြင့် ဒေသခံနှင့်ခရီးသွားများကို သတိပြုကြရန် သတိပေးထားကြောင်း သိရသည်။ ထို့ကြောင့် မီးတောင်အနီး နေထိုင်သူများနှင့် ခရီးသွားများအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များ၏ မီးတောင်အခြေအနေ ထုတ်ပြန်ချက်များကို စောင့်ကြည့်ပြီး သတ်မှတ်ထားသည့် အန္တရာယ်ဇုန်အတွင်း ဝင်ရောက်ခြင်းမပြုရန် သတိပေးထားကြောင်း သိရသည်။