“စက်သုံးဆီဈေးမြင့်တက်နေချိန်တွင် ယူရိုသန်း ၄၅၀ တန်ဖိုးရှိ အကူအညီပေးရေးအစီအစဉ် ပြင်သစ်အစိုးရ ကြေညာ”
24 Sep
ပြင်သစ်အစိုးရသည် စက်သုံးဆီစျေးနှုန်းများ အလျင်အမြန်မြင့်တက်လာမှုနှင့်ပတ်သက်၍ အိမ်ထောင်စု များနှင့် အဓိကကဏ္ဍများကို အကူအညီပေးနိုင်ရန် ယူရိုသန်း ၄၅၀(အမေရိကန်ဒေါ်လာ ၅၁၃ သန်း)ခန့် ကုန်ကျမည်ဟု ခန့်မှန်းရသော အကူအညီပေးရေးအစီအစဉ်သစ်တစ်ခုကို စက်တင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ပြင်သစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Maud Bregeon က ခရီးဝေးမောင်းနှင်သွားလာသူများအတွက် ပေးအပ်သည့် အထောက်အပံ့ကို ဝင်ငွေမြင့်မားသူများအထိ တိုးချဲ့ပေးအပ်မည်ဖြစ်ပြီး အထောက်အပံ့ရရှိနိုင်သူ အရေအတွက်မှာ လူဦးရေ ၃ သန်းမှ ၅ ဒသမ ၅ သန်းအထိ တိုးလာမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။ ပြင်သစ်နိုင်ငံ အသေးစားနှင့်အလတ်စားလုပ်ငန်းများဝန်ကြီး Serge Papin က အလုပ်ရှင်များအနေဖြင့် ၎င်းတို့၏ဝန်ထမ်းများကို ထောက်ပံ့နိုင်သည့် စက်သုံးဆီစရိတ်ထောက်ပံ့ကြေးအတွက် အခွန်ကင်းလွတ်ခွင့်အများဆုံး ပမာဏကို ယူရို ၆၀၀(၆၈၄ ဒေါ်လာ)မှ ၁,၀၀၀ (၁,၁၄၀ ဒေါ်လာ)အထိ တိုးမြှင့်မည်ဟုလည်း ပြောကြားခဲ့သည်။ ထို့အပြင် ဆောက်လုပ်ရေး၊ အများပြည်သူလုပ်ငန်းများနှင့် စိုက်ပျိုးရေးကဏ္ဍအတွက် အကူအညီများကိုလည်း ယခုနှစ်ကုန်အထိ တိုးမြှင့်ပေးသွားမည်ဟု ၎င်းကကြေညာခဲ့သည်။ ပြင်သစ်နိုင်ငံကျန်းမာရေးဝန်ကြီး Stephanie Rist က တစ်နေ့လျှင် ကီလိုမီတာ ၁၀၀ ကျော် သွားလာရသော သူနာပြုများအတွက် ယူရို ၈၀(အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၂) တန်ဖိုးရှိ ကျေးလက်ဒေသထောက်ပံ့ကြေး ဖန်တီးပေးမည်ဟု ကြေညာခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများနှင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာရေး ပြတ်တောက်မှု များကြောင့် စျေးကွက်အပေါ် ဖိအားပိုမိုသက်ရောက်လာပြီး စက်သုံးဆီစျေးနှုန်းများ ဆက်တိုက်မြင့်တက်နေချိန်တွင် အစိုးရက ယခုကဲ့သို့ အရေးယူဆောင်ရွက်ချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ France Info ၏ ဖော်ပြချက်အရ စက်တင်ဘာလ ၂၂ ရက်တွင် ဒီဇယ်ဆီ၏ ပျမ်းမျှဈေးနှုန်းသည် တစ်လီတာ လျှင် ၂ ဒသမ ၃၉ ယူရို(အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၂) သို့ ရောက်ရှိခဲ့သည်။ ယင်းမတိုင်မီ သီတင်းပတ်ကုန် ရက်များက တစ်လီတာလျှင် ၂ ဒသမ ၄၀ ယူရို(ဒေါ်လာ ၂ ဒသမ ၇၄) ကျော်အထိ မြင့်တက်ခဲ့သည်။ ပြင်သစ်နိုင်ငံတွင် အများဆုံးရောင်းချရသော ဓာတ်ဆီအမျိုးအစားဖြစ်သည့် SP95-E10 ၏ ပျမ်းမျှဈေးနှုန်းမှာ တစ်လီတာလျှင် ၂ ဒသမ ၁၅ ယူရို(အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅) ရှိခဲ့ကြောင်းသိရသည်။ အီရန်အပေါ် အစ္စရေးနှင့် အမေရိကန်တို့၏ ပထမဆုံးလေကြောင်းတိုက်ခိုက်မှု မတိုင်မီ ဖေဖော်ဝါရီလ ၂၇ ရက်က စက်သုံးဆီအမျိုးအစားနှစ်ခုလုံး၏ စျေးနှုန်းမှာ ၁ လီတာလျှင် ၁ ဒသမ ၇၂ ယူရို (၁ ဒသမ ၉၆ ဒေါ်လာ) ခန့်သာ ရှိခဲ့ကြောင်း Franceinfo က ဖော်ပြခဲ့သည်။ (Repost from Xinhua Myanmar)