“Davis Cup Final တင်းနစ်ပြိုင်ပွဲသို့ စပိန်အသင်း၊ ဗြိတိန် အသင်း၊ ဂျာမနီအသင်းတို့ တက်ရောက်နိုင်”
23 Sep
အီတလီနိုင်ငံ ဘိုလော့ဂ်နာမြို့၌ ကျင်းပမည့် Davis Cup Final တင်းနစ်ပြိုင်ပွဲသို့ စပိန်၊ ဗြိတိန်နှင့် ဂျာမနီ အသင်းတို့ ဝင်ရောက်ခွင့်များ ရရှိခဲ့ကြောင်း သိရပါတယ်။ Davis Cup Final တင်းနစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းရှစ်သင်းဖြင့် အီတလီနိုင်ငံ ဘိုလော့ဂ်နာမြို့၌ နိုဝင်ဘာလ ၂၄ ရက်မှ ၂၉ ရက်အထိကျင်းပမှာဖြစ်ပါတယ်။ အဆိုပါ တင်းနစ်ပြိုင်ပွဲဝင်ခွင့်အတွက် Play-off အဆင့်ပွဲစဉ်များတွင် စပိန်အသင်းက ချီလီအသင်းကို လေးပွဲပြတ်၊ ဗြိတိန်အသင်းက အီကွေဒေါအသင်းကို လေးပွဲပြတ်၊ ဂျာမနီအသင်းက ခရိုအေးရှားအသင်းကို ၃ ပွဲ ၁ ပွဲဖြင့် အသီးသီးအနိုင်ရရှိပြီးနောက် ပြိုင်ပွဲသို့ ဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ Davis Cup Final တင်းနစ်ပြိုင်ပွဲတွင် အိမ်ရှင်အီတလီအသင်းနှင့်အတူ Play-off အဆင့်မှ တက်ရောက်လာခဲ့တဲ့ တောင်ကိုရီးယား၊ ဩစတြီးယား၊ ချက်၊ ကနေဒါ၊ စပိန်၊ ဗြိတိန်နှင့် ဂျာမနီအသင်းတို့ ကစားရမှာဖြစ်ပါတယ်။ Davis Cup Final တင်းနစ်ပြိုင်ပွဲကို ၁၉၀၀ ပြည့်နှစ်ကတည်းက စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံအသင်းများ ပြိုင်ပွဲတစ်ခုဖြစ်ကာ ကမ္ဘာတစ်ဝန်းမှ နိုင်ငံအလိုက်အသင်းပေါင်း ၁၅၀ ပါဝင်ခဲ့သော်လည်း Play-off အဆင့်ပွဲစဉ်များ ကစားခဲ့ပြီးနောက် နောက်ဆုံးအဆင့်တွင် အိမ်ရှင်အသင်းနှင့်အတူ ပြိုင်ပွဲဝင်အသင်းရှစ်သင်းဖြင့် ကျင်းပခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် Davis Cup Final တင်းနစ်ပြိုင်ပွဲတွင် အီတလီအသင်းက ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့ပြီး ယခုပြိုင်ပွဲတွင် အိမ်ရှင်အသင်းအဖြစ် ပါဝင်မှာဖြစ်ပါတယ်။ Davis Cup Final တင်းနစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် အမေရိကန်အသင်းက ချန်ပီယံဆု ၃၂ ကြိမ်ဖြင့် ထိပ်ဆုံး၌ရပ်တည်နေပြီး ဩစတြီးယားအသင်းက ၂၈ ကြိမ်၊ ပြင်သစ်နှင့် ဗြိတိန်အသင်းတို့က ၁၀ ကြိမ်စီဖြင့် အသီးသီးရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ် ပြိုင်ပွဲတို့တွင် အီတလီအသင်းက ချန်ပီယံဆုဖလားကို သုံးကြိမ်ဆက်ဆွတ်ခူးနိုင်ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲတွင်လည်း အနိုင်ရရှိရန် ရေပန်းအစားဆုံးအသင်း ဖြစ်ပါတယ်။(NVS 008)