“အားကောင်းသောမုန်တိုင်းငယ်အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးနှင့် မြေပြိုခြင်းများဖြစ်ပေါ်နိုင်”
23 Sep
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)က အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ကျောက်ဖြူမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၇၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံဗီဆာကာ ပတ္တနမ်မြို့၏ အရှေ့ဘက် ရေမိုင် ၁၂၀ မိုင်ခန့်၊ ဂိုလ်ပါပူမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။ အဆိုပါအားကောင်းသော မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့မှ စက်တင်ဘာလ ၂၅ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် နေရာ ကျဲကျဲ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရပါတယ်။ သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုထားရှိပါတယ်။(NVS 008) “ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲ ရွှေသာလျောင်းတောင်မြတ်စွာဘုရား သီတင်းကျွတ်ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲကျင်းပသွားမည်” မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရွှေသာလျောင်းတောင်မြတ်စွာ ဘုရား သီတင်းကျွတ်ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ရွှေသာလျောင်းတောင်မြတ်စွာဘုရား သီတင်းကျွတ်ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲ ဦးစီးကော်မတီထံမှ သိရပါတယ်။ ရွှေသာလျောင်းတောင်မြတ်စွာဘုရား သီတင်းကျွတ်ဆင်လှူပွဲတော်နှင့် ဆင်အကအလှပြိုင်ပွဲကို သီတင်းကျွတ် လဆန်း ၁၄ ရက် (အောက်တိုဘာလ ၁၆ ရက်)တွင် ရွှေသာလျောင်းတောင်ခြေရှိ ဝတ္ထုကံမြေတွင် ပြုလုပ်မည်ဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် ရွှေသာလျောင်းတောင် ရင်ပြင်တော်၌ ဆွမ်းတော်ကြီးကပ်လှူပွဲများနှင့် ဆင်လှူပွဲတော် ကို ကျင်းပသွားမှာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း စည်ကားစွာကျင်းပလျက်ရှိသည့် ပွဲတော်တစ်ခုဖြစ်ပြီး ကျောက်ဆည်ဆင်အကပြိုင်ပွဲကြောင့် နာမည်ကျော်သည့် ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ ယခင်နှစ်များနည်းတူ ရိုးရာဆင်ပြိုင်ပွဲ၊ ဘော်ကြယ်ဆင်ပြိုင်ပွဲနဲ့ ကလေးဆင်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)