“ဂျပန်နိုင်ငံ ကန်တိုဒေသတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လူခြောက်ဦးသေဆုံး”
23 Sep
ဂျပန်နိုင်ငံအရှေ့ပိုင်း ကန်တိုဒေသကို တိုင်ဖွန်းဒူဂျွန်ဝင်ရောက် တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ မြေပြိုမှုနှင့် ရေကြီးမှုများဖြစ်ပွားခဲ့ရာ စက်တင်ဘာလ ၂၂ ရက်အထိ လူခြောက်ဦးသေဆုံးပြီး ခြောက်ဦးပျောက်ဆုံး နေကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြထားသည်။ သေဆုံးသူများအနက် ငါးဦးမှာ တိုကျိုမြို့အရှေ့ဘက် ချီဘာခရိုင်မှဖြစ်ပြီး အသက် ၅ဝ ကျော်အရွယ် အမျိုးသား တစ်ဦးသည် မြေပြိုကျမှုကြောင့် ဖြစ်ပေါ်လာသည့် မြေစာများကိုရှင်းလင်းစဉ် ဝါးတောအတွင်း ပြုတ်ကျသေဆုံးခြင်း ဖြစ်သည်။ ကျန်သေဆုံးသူများမှာ အသက် ၇၀ နှင့် ၈၀ ကျော်အရွယ်များဖြစ်သည်။ ကနာဂါဝါခရိုင် ယိုကိုဆူကာမြို့ တွင်လည်း အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် နေအိမ်အတွင်း မြေစာများဝင်ရောက်လာမှုကြောင့် သေဆုံးခဲ့သည်။ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့များက ပျောက်ဆုံးနေသူများကိုရှာဖွေမှုများ ဆောင်ရွက်လျက်ရှိပြီး မုန်တိုင်းကြောင့် စံချိန်တင်မိုးရေချိန်များရရှိပြီး အိုရှီးမားမြို့တွင် ၄၈ နာရီအတွင်း မိုးရေချိန် ၈၃၂ မီလီမီတာအထိ ရွာသွန်းခဲ့ကြောင်း သိရသည်။