“ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းနေချိန်တွင် အမေရိကန်က အီရန်နှင့် သဘောတူညီချက်တစ်ရပ် ရရှိလိုဟု ကာတာပြောကြား”

22 Sep

ကာတာနိုင်ငံက ဆွေးနွေးပွဲများပြန်လည်စတင်နိုင်ရန် အမေရိကန်၊ အီရန်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်ဟု ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Majed Al Ansari က စက်တင်ဘာလ ၂၀ ရက်တွင် ပြောကြားခဲ့ပြီး ဝါရှင်တန်အနေဖြင့် သဘောတူညီချက်တစ်ခုရရှိလိုကြောင်း အမေရိကန်တာဝန်ရှိသူများက အရိပ်အမြွက်ပြောကြားခဲ့ကြောင်း မှတ်ချက်ပြုပြောဆိုခဲ့သည်။ နယူးယောက်မြို့၌ကျင်းပသည့် ကာတာစီးပွားရေးဖိုရမ်၏ သီးခြားဆွေးနွေးပွဲတစ်ခု၌ Al Ansari က ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းမှုအနေဖြင့် ကာတာနိုင်ငံသည် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ် အတွင်း ဝါရှင်တန်၊ တီဟီရန်တို့နှင့် သဘောထားအမြင်များ အပြန်အလှန်ဖလှယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ “ဆွေးနွေးပွဲတွေ ပြန်စနိုင်မလားဆိုတာ တွေ့မြင်ရဖို့ ကျွန်တော်တို့ရဲ့ ကြားဝင်ညှိနှိုင်းရေးအဖွဲ့ကတစ်ဆင့် တီဟီရန်၊ အမေရိကန် နှစ်ဖက်စလုံးနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်၊ အတွေးအခေါ် အကြံဉာဏ်သစ်များစွာကိုလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်” ဟု Al Ansari က ပြောကြားခဲ့ပြီး ကာတာအနေဖြင့် “သဘောထားကွဲလွဲမှုများကို ပေါင်းကူးပေးဖို့နှင့် ရှေ့ဆက်သွားနိုင်ဖို့ သင့်လျော်မှန်ကန်တဲ့အချိန်ကို ရှာဖွေရန်” ကြိုးပမ်းနေကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။ “အမေရိကန်က သဘောတူညီချက်တစ်ခုနဲ့ ယခုစစ်ပွဲအတွက်အဖြေတစ်ခု ရရှိလိုတယ်ဆိုတာကို အမေရိကန် အစိုးရအဖွဲ့တာဝန်ရှိသူ အသီးသီးရဲ့ တရားဝင်ထုတ်ဖော်ပြောကြားချက်တွေကနေ ကျွန်တော်တို့ကြားသိရပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။ မည်သည့်ဖြေရှင်းချက်မဆို ဒေသတွင်းတည်ငြိမ်မှုကို ဖော်ဆောင်ပေးသင့်သလို ဟော်မုဇ်ရေလက်ကြား အပါအဝင် မဟာဗျူဟာအရအရေးပါသော ရေလမ်းကြောင်းများကိုကာကွယ်ရန် နိုင်ငံတကာအကြား နားလည်မှု တစ်ရပ်ကို ထူထောင်သင့်ကြောင်း Al Ansari က ပြောကြားခဲ့သည်။ “ရေလက်ကြားဖွင့်လှစ်မယ်။ စစ်ပွဲကိုရပ်တန့်မယ်။ ဒါတွေက လက်ရှိ ကျွန်တော်တို့လုပ်ဆောင်နေသမျှ အရာအားလုံးရဲ့ အဓိကရည်မှန်းချက်နှစ်ခုပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Repost from Xinhua Myanmar)

22 Sep

ADVERTISE HERE .