“ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စက်တင်ဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် လူ ၈၇ ဦးသေဆုံးခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်း သေဆုံးမှုအမြင့်ဆုံးလအဖြစ် စံချိန်တင်”
22 Sep
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စက်တင်ဘာလအတွင်း သွေးလွန်တုပ်ကွေးရောဂါနှင့်ဆက်နွယ်သည့် သေဆုံးသူဦးရေ ၈၇ ဦးအထိရှိခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်အတွင်း၌ သေဆုံးမှုအမြင့်ဆုံးလဖြစ်ခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေကျန်းမာရေးဝန်ဆောင်မှု ညွှန်ကြားရေးမှုဌာန(DGHS)၏ ထုတ်ပြန်မှုအရ ဘင်္ဂလားဒေ့ရှ်ဒေသစံတော်ချိန် စက်တင်ဘာလ ၂၀ ရက် နံနက် ၈ နာရီအချိန်အထိ ၂၄ နာရီအတွင်း၌ပင် သွေးလွန် တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၆ ဦးရှိခဲ့ကြောင်း အတည်ပြုခဲ့ရာ ယခုနှစ်အတွင်း နိုင်ငံတစ်ဝန်းလုံး၌ သွေးလွန် တုပ်ကွေးရောဂါကြောင့် သေဆုံးသူဦးရေ ၁၈၄ ဦးအထိရောက်ရှိလာခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးနှင့်မိသားစုလူမှုဖူလုံရေးဝန်ကြီးဌာနမှ ရရှိသည့်အချက်အလက်များအရ နောက်ဆုံး ၂၄ နာရီအတွင်း၌ပင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့် လူနာ ၁,၅၉၃ ဦးရှိခဲ့ကာ ဇန်နဝါရီလမှစ၍ ရောဂါ ဖြစ်ပွားသည့် အတည်ပြုလူနာစုစုပေါင်း ၆၁,၉၇၂ ဦးအထိ မြင့်တက်ခဲ့ကြောင်း DGHS က သတင်းထုတ်ပြန်ခဲ့သည်။ ယခုနှစ်အတွင်း သေဆုံးမှုအနေဖြင့်မူ စက်တင်ဘာလအတွင်း၌ ၈၇ ဦး၊ သြဂုတ်လအတွင်း၌ ၄၃ ဦး၊ ဇူလိုင်လ အတွင်း၌ ၃၆ ဦးနှင့် ဇွန်လအတွင်း၌ ၁၃ ဦးအထိရှိလာခဲ့ကြောင်း သိရသည်။ ထို့ပြင် သြဂုတ်လအတွင်း၌ ခြင်မှတစ်ဆင့် ကူးစက်သည့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ခံစားခဲ့ရသည့် လူနာ ၂၀,၅၃၆ ဦး ရှိခဲ့ပြီးနောက် စက်တင်ဘာလ၏ ပထမဆုံးရက် ၂၀ အတွင်းမှာပင် ရောဂါဖြစ်ပွားသူဦးရေ ၂၆,၁၂၆ ဦးအထိရှိခဲ့ကြောင်း DGHS ၏ အချက်အလက်များ အရ သိရသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ရောဂါကို ကာကွယ်တိုက်ဖျက်ရေးအတွက် စက်တင်ဘာလဆန်းမှစတင်ကာ ၃ လကြာ စီမံကိန်းချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။ အေးဒီးစ်ခြင်များမှတစ်ဆင့် ကူးစက်ပျံ့နှံ့သော ဗိုင်းရပ်စ် ရောဂါ တစ်မျိုးဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါမှာ ပြင်းထန်သည့် အဖျားရောဂါတစ်မျိုးဖြစ်ကာ အများအားဖြင့် ခေါင်းကိုက်ခြင်း၊ အဖျားကြီးခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ ကြွက်သားနှင့်အဆစ်အမြစ်များ ပြင်းထန်စွာနာကျင်ခြင်း၊ အကြိတ်များရောင်ရမ်းခြင်း၊ အော့အန်ခြင်းနှင့် အင်ပျဉ်ထွက်ခြင်းကဲ့သို့သော ရောဂါလက္ခဏာများကို ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။ (Repost from Xinhua Myanmar)