“ဂျပန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းသို့ တိုင်ဖွန်းမုန်တိုင်း နီးကပ်လာ၊ မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းများ တိုက်ခတ်”
22 Sep
ဂျပန်နိုင်ငံ၏ မိုးလေဝသအေဂျင်စီက အားကောင်းပြီး အရွယ်အစားကြီးမားသော တိုင်ဖွန်းမုန်တိုင်းတစ်ခု ဂျပန်နိုင်ငံ အရှေ့ဘက်ပစိဖိတ်ကမ်းရိုးတန်းသို့ ရွေ့လျားလာရာတွင် မိုးသည်းထန်မှု၊ လေပြင်းတိုက်ခတ်မှု၊ ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်ကြောင်း စက်တင်ဘာလ ၂၁ ရက်တွင် သတိပေးခဲ့သည်။ ဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီ(JMA)၏ ဒေသစံတော်ချိန် နံနက် ၁၀ နာရီအထိ ထုတ်ပြန်ချက်အရ တိုကျိုမြို့ အနီးရှိ Izu ကျွန်းစုများထဲမှ Hachijo ကျွန်း၏ အနောက်-အနောက်တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာတွင် ဗဟိုပြုနေသော တိုင်ဖွန်းမုန်တိုင်း Dujuan သည် တစ်နာရီလျှင် ၂၅ ကီလိုမီတာနှုန်းဖြင့် မြောက်ဘက်သို့ ရွေ့လျား နေပြီး မုန်တိုင်းဗဟိုချက်လေဖိအားမှာ ၉၆၀ ဟက်တိုပါစကယ်ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် ၁၉၈ ကီလိုမီတာအထိရှိကြောင်း သိရသည်။ ယခုနှစ်၏ ၂၅ ခုမြောက် တိုင်ဖွန်းမုန်တိုင်းသည် တိုကျိုမြို့၏အရှေ့ဘက် Chiba ခရိုင် Boso ကျွန်းဆွယ်အနီး စက်တင်ဘာလ ၂၁ ရက် ညနေပိုင်းမှ ညနက်ပိုင်းအတွင်းဖြတ်သန်းမည်ဟု ခန့်မှန်းထားသည်။ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ဂျပန်နိုင်ငံအရှေ့ပိုင်း Kanto-Koshin ဒေသနှင့် ဂျပန်နိုင်ငံ အလယ်ပိုင်း Tokai ဒေသတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုများ စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။ Chiba ခရိုင် မြို့အများအပြားတွင် လမ်းများရေလွှမ်းမိုးမှု ဖြစ်ပေါ်နေကြောင်း သတင်းရရှိပြီး ဂျပန်မိုးလေဝသ အေဂျင်စီ(JMA)ကလည်း ခရိုင်အတွင်းရှိ အချို့ဒေသများအတွက် အဆင့် ၄ မြေပြိုမှုသတိပေးချက် ထုတ်ပြန် ထားကြောင်းသိရသည်။ စက်တင်ဘာလ ၂၂ ရက် နံနက် ၆ နာရီအထိ ၂၄ နာရီအတွင်း Tokai ဒေသတွင် မိုးရေချိန် ၃၅၀ မီလီမီတာ၊ Kanto ဒေသနှင့် Izu ကျွန်းစုများတွင် ၃၀၀ မီလီမီတာနှင့် အရှေ့မြောက်ပိုင်း Tohoku ဒေသတွင် ၂၀၀ မီလီမီတာအထိ ရွာသွန်းနိုင်ကြောင်း မိုးလေဝသအေဂျင်စီက ခန့်မှန်းထားသည်။ မုန်တိုင်းဝင်ရောက်လာမှုသည် ဂျပန်နိုင်ငံ၏ ၅ ရက်ကြာ အစိုးရရုံးပိတ်ရက်ကာလနှင့် တိုက်ဆိုင်လျက်ရှိသည်။ ဒေသခံများအနေဖြင့် နောက်ဆုံးရမိုးလေဝသသတင်းများကို သတိပြုရန်နှင့် ရာသီဥတုဆိုးရွားနေချိန်အတွင်း ခရီး သွားလာမှုများရွှေ့ဆိုင်းရန်အပါအဝင် လိုအပ်သည့်ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်းထားသည်။ တိုင်ဖွန်းမုန်တိုင်းကြောင့် ပို့ဆောင်သွားလာမှုအခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး အဝေးပြေးလမ်းအချို့ ပိတ်ထားရသလို စက်တင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းတွင် တိုကျိုနှင့် ဂျပန်နိုင်ငံအနောက်ပိုင်းကို ဆက်သွယ်ပေးသည့် ကျည်ဆန်ရထားပြေးဆွဲမှုများလည်း နှောင့်နှေးကြန့်ကြာခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ (Repost from Xinhua Myanmar)