“အာရှအားကစားပြိုင်ပွဲဝင် မြန်မာတက်ရှ်ဘောအားကစားအဖွဲ့ ရွှေ (၁)၊ ငွေ (၁)၊ ကြေး (၁) ရရှိ”

22 Sep

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် (၂၀) မြောက် ၂၀၂၆ အာရှအားကစားပြိုင်ပွဲဝင် မြန်မာတက်ရှ်ဘော အားကစားအဖွဲ့ဟာ ရွှေ (၁)၊ ငွေ (၁)၊ ကြေး (၁) ဆုများ ရရှိခဲ့ကြောင်း သိရပါတယ်။ ၂၀၂၆ အာရှအားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့အတွက် ပထမဆုံးရွှေတံဆိပ်ဆုကို ခင်နှင်းဝေ က တက်ရှ်ဘောအားကစားနည်းကနေ ရယူပေးခဲ့ပါတယ်။ မြန်မာတက်ရှ်ဘောအားကစားအဖွဲ့ဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲကို အမျိုးအစား ၃ မျိုးနဲ့ ဝင်ရောက် ယှဥ်ပြိုင်နေပြီး ငွေတံဆိပ်ဆုကို အမျိုးသမီးနှစ်ယောက်တွဲ (Women Double) ကနေ ဆုမွန်အောင်နဲ့ ဖြူဖြူသန်းတို့က ရယူပေးခဲ့တာဖြစ်ပါတယ်။ ဆုမွန်အောင်နဲ့ ဖြူဖြူသန်းတို့ဟာ အမျိုးသမီးနှစ်ယောက်တွဲ ဗိုလ်လုပွဲမှာ ထိုင်းအသင်းနဲ့ တွေ့ဆုံခဲ့ပြီး ရှုံးနိမ့်ခဲ့တာကြောင့် ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ အမျိုးသားတစ်ဦးချင်း(Men Single) မှာတော့ စောဖရိုက်ဒေးက ကြေးတံဆိပ်ဆု ရယူပေးခဲ့ပါတယ်။ ဒါကြောင့် မြန်မာတက်ရှ်ဘောအားကစားအဖွဲ့ဟာ ၂၀၂၆ အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် (၁) ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၁) ခု ရယူပေးခဲ့ပါတယ်။ (NVS 008)

22 Sep

ADVERTISE HERE .