“မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေ”

22 Sep

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်း ၁၅ ခုမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံသားဖြစ်မှု စိစစ်ခြင်းနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးထားပါတယ်။ ထိန်းသိမ်းခံထားရသူများအနက် ကိုယ်ပိုင်သဘောဆန္ဒနဲ့ နေရပ်ပြန်လိုကြောင်း တင်ပြလျှောက်ထားသူများကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ်စိစစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်းကာ ပြန်လည်ပို့ဆောင်ရေး ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း Melaka Camp လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၇၁ ဦးကို နိုင်ငံသားဖြစ်မှုစိစစ်ခဲ့ရာ အထောက်အထားပြည့်စုံသူ ၅၄ ဦးကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) ထုတ်ပေးနိုင်ခဲ့ပြီး ကျန် ၁၇ ဦးမှာ အထောက်အထားမပြည့်စုံသေးကြောင်း သံရုံးက စက်တင်ဘာလ ၂၁ ရက်မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ အထောက်အထားမပြည့်စုံသေးသူများအတွက် မိသားစုဝင်၊ ဆွေမျိုးနှင့် မိတ်ဆွေများထံ ဆက်သွယ်၍ လိုအပ်တဲ့ အထောက်အထားများ ရယူခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အချက်အလက်ပေးပို့၍ စိစစ်အတည်ပြု ခြင်းတို့ကို လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စခန်းအလိုက် ပထမအဆင့် နိုင်ငံသားစိစစ်နိုင်သူစာရင်း၊ နေရပ်ပြန်လည်ပို့ဆောင်မည့် လူဦးရေ၊ နေ့ရက်၊ အချိန်နှင့် လေကြောင်းလိုင်းခရီးစဉ်အမှတ်တို့ကို မြန်မာသံရုံး၏ လူမှုကွန်ရက်စာမျက်နှာမှ ဆက်လက်အသိပေးသွား မှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ မိသားစုဝင်များထံ မဟုတ်မမှန် ပြောဆိုကာ ငွေကြေးလိမ်လည်တောင်းခံတဲ့ ဖြစ်စဉ်များရှိနေသဖြင့် မိသားစုဝင်များနှင့် နီးစပ်ရာအသိုက်အဝန်း များအနေနဲ့ အထူးသတိပြုကြရန်လည်း မြန်မာသံရုံးက အသိပေးထားပါတယ်။ (NVS 008)

22 Sep

ADVERTISE HERE .