“မြန်မာနိုင်ငံမှာ 5G စနစ်ကို မကြာမီစတင်အသုံးပြုနိုင်မည်”
22 Sep
မြန်မာနိုင်ငံတွင် 5G စနစ်များကို မကြာမီကာလအတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဒီဂျစ်တယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင် က စက်တင်ဘာလ ၂၀ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ ဟံသာဝတီရုံး၌ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေတဲ့ မိုဘိုင်းတယ်လီဖုန်းအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီများမှ တာဝန်ရှိသူများကို တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့အတွင်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကေဘယ်ကြိုးများကို အဆင့်လိုက် ရှင်းလင်း ဆောင်ရွက်နေတဲ့ လုပ်ငန်းများမှာ သက်ဆိုင်ရာအော်ပရေတာနှင့် ကုမ္ပဏီများက ဆက်လက်ပူးပေါင်းဆောင်ရွက် သွားကြရန် ဒုတိယဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် အရည်အသွေးမြင့်မားလာစေရေး အတွက် နှစ်အလိုက်သင်တန်းအစီအစဉ်များ စနစ်တကျရေးဆွဲခြင်း၊ လက်တွေ့လေ့ကျင့်ရေးသုံး စက်ပစ္စည်းများနဲ့ လေ့ကျင့်ပေးခြင်းနှင့် ဒီဂျစ်တယ်အွန်လိုင်းနည်းပညာများအသုံးပြု၍ သင်ကြားပို့ချခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရပါတယ်။ (NVS 008)