“ပါပူဝါနယူးဂီနီနိုင်ငံတွင် ပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သဖြင့် လမ်းနှင့်တံတားများ ပျက်စီးခဲ့”
22 Sep
ပါပူဝါနယူးဂီနီနိုင်ငံတွင် စက်တင်ဘာလ ၂ဝ ရက်က ပြင်းအား ၆ ဒသမ ၄ မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် လမ်းနှင့်တံတားများ ပျက်စီးခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးစောင့်ကြည့်ရေးအဖွဲ့ (GDACS)၏ ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါငလျင်သည် စက်တင်ဘာလ ၂၀ ရက် ညပိုင်းတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြေအောက်အနက် ၁၀၄ ဒသမ ၃ ကီလိုမီတာခန့်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်ဗဟိုချက်အနီးရှိ ဒေသခံ ဦးရေ ၅၀,၀၀၀ ခန့် သည် မြေငလျင်လှုပ်ခတ်မှုကို သိသိသာသာခံစားခဲ့ရကြောင်း သိရသည်။ ငလျင်သည် အင်အားအနည်းငယ်ပြင်းသော်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်းမရှိကြောင်း၊ သို့သော် လမ်း၊ တံတားများနှင့် လူနေအိမ်များ ထိခိုက်မှုရှိခဲ့သဖြင့် ပျက်စီးမှုအခြေအနေ အတိအကျနှင့် အရေ အတွက်ကို သက်ဆိုင်ရာဒေသအာဏာပိုင်များက စိစစ်ဆဲဖြစ်ကြောင်း သိရသည်။ ပါပူဝါနယူးဂီနီနိုင်ငံသည် ငလျင်လှုပ်ရှားမှုများသော ပစိဖိတ်မီးကွင်းဒေသအတွင်း တည်ရှိသည့်အတွက် ငလျင်နှင့် မြေပြိုမှုကဲ့သို့ သဘာဝဘေးအန္တရာယ်များကို မကြာခဏကြုံတွေ့ရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း GDACS က ထုတ်ပြန်ထားသည်။