“ချမ်းမြေ့ဆရာတော်ဘုရားကြီးအား ရည်စူး၍ တရားပွဲများ ငါးရက်တိုင်တိုင် ကျင်းပလျက်ရှိ”

21 Sep

နိုင်ငံတော်ဩဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ချမ်းမြေ့ဆရာတော် ဘုရားကြီးကို ရည်စူး၍ စက်တင်ဘာလ ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တိုင် ညစဉ်တရားပွဲများ ကျင်းပလျက် ရှိကြောင်း အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲ ကျင်းပရေးအစီအစဉ်အရ သိရပါတယ်။ အဆိုပါတရားပွဲများကို ညစဉ် ၇ နာရီမှာ ကျင်းပနေပြီး စက်တင်ဘာလ ၂၀ ရက်တွင် ရွှေမင်းဝံဆရာတော် ဒေါက်တာဘဒ္ဒန္တသောဘန၊ စက်တင်ဘာလ ၂၁ ရက်တွင် တိပိဋကယောဆရာတော် ဘဒ္ဒန္တသိရိန္ဒာဘိဝံသ တို့က တရားတော်များ ဟောကြားခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်တွင် အဝေရာရာမ ရန်ကင်းဆရာတော် ဘဒ္ဒန္တဩဒါတ သိရီဘိဝံသ၊ စက်တင်ဘာလ ၂၃ ရက်မှာ ပညာဘူမိ တက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ နှင့် စက်တင်ဘာလ ၂၄ ရက်တွင် သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရတို့က တရားတော်များ အသီးသီးဟောကြားချီးမြှင့်မှာ ဖြစ်ပါတယ်။ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ စက်တင်ဘာလ ၁၉ ရက် စနေနေ့နံနက် ၁၁ နာရီ ၁၁ မိနစ်တွင် ရန်ကုန်မြို့ရှိ ဂရင်းဟံသာဆေးရုံကြီး၌ တစ်ဘဝခန္ဓာချုပ်ငြိမ်း ပျံလွန်တော်မူ ခဲ့ခြင်းဖြစ်ပါတယ်။ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲကို စက်တင်ဘာလ ၂၅ ရက် သောကြာနေ့ မွန်းတည့် ၁၂ နာရီခွဲမှာ ချမ်းမြေ့ရိပ်သာကျောင်းတိုက်၌ စတင်ကျင်းပမည်ဖြစ်ပြီး မွန်းလွဲ ၂ နာရီတွင် ဥတုဇရုပ်ကလာပ်တော်ကို ပင့်ဆောင်မှာဖြစ်ပါတယ်။ ညနေ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ သံသုမာလမ်းပေါ်ရှိ သုဝဏ္ဏဘူမိ EVENT Park သို့ ပင့်ဆောင်၍ သံဃာတော်များနှင့် ဒါယကာ၊ ဒါယိကာမများက နောက်ဆုံးပူဇော်ကြမည်ဖြစ်ကာ ညနေ ၄ နာရီခွဲမှာ အန္တိမအဂ္ဂိဈာပနသဘင် ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။ အန္တိမအဂ္ဂိဈာပနအခမ်းအနားမှာ ဆရာတော်ဘုရားကြီး၏ သက်တော်နှင့်အညီ ပင့်သံဃာအပါး ၁၀၀ ပင့်ဖိတ်ပူဇော် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

21 Sep

ADVERTISE HERE .