“USDP ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ပြန်လည်ရွေးချယ်ခံရ”
21 Sep
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ စတုတ္ထအကြိမ် ပါတီညီလာခံမှာ ပါတီဥက္ကဋ္ဌ ပြန်လည် ရွေးချယ်ခဲ့ရာ ယခင်ပါတီဥက္ကဋ္ဌဟောင်း ဦးခင်ရီ ကို ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ ပါတီခေါင်းဆောင်ပိုင်း ရွေးချယ်အတည်ပြုမှုအရ ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးမြတ်ဟိန်း နှင့် ဦးသောင်းအေး၊ အတွင်းရေးမှူးများအဖြစ် ဦးတင်အောင်ချစ် နှင့် ဦးအောင်စိုး တို့ အပါအဝင် ပါတီဗဟို အမှုဆောင် ၄၆ ဦးကို ရွေးချယ်အတည်ပြုခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ၏ စတုတ္ထအကြိမ်ပါတီညီလာခံကို စက်တင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်တို့မှာ နေပြည်တော်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းမတိုင်မီ စက်တင်ဘာလ ၁၈ ရက်က သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေး(၂၀၂၆)ကို ကျင်းပခဲ့ပါတယ်။ အစည်းအဝေးနှင့်ညီလာခံသို့ ပါတီဗဟိုကော်မတီဝင်များနှင့် နိုင်ငံတစ်ဝန်းမှ ပါတီကိုယ်စားလှယ်များ စုစုပေါင်းဦးရေ ၄၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ယခုညီလာခံမှာ ဦးခင်ရီ အပါအဝင် ပါတီဗဟိုအမှုဆောင် ၄၆ ဦးကို ပြန်လည်ရွေးချယ်ခဲ့ခြင်းက လက်ရှိပါတီ ခေါင်းဆောင်မှုအဖွဲ့၏ ဖွဲ့စည်းပုံကို ဆက်လက်ထားရှိကာ ပါတီ၏လက်ရှိလုပ်ငန်းစဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်သွားမည့် အနေအထားဖြစ်ပါတယ်။ ပါတီအနေနဲ့ ယခုညီလာခံမှ တစ်ဆင့် ခေါင်းဆောင်ပိုင်းနှင့် ပါတီဖွဲ့စည်းပုံကို ပြန်လည်အတည်ပြုခြင်းနှင့်အတူ အဖွဲ့အစည်းပိုင်းဆိုင်ရာ လုပ်ငန်း စဉ်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ပါတီလုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရပါတယ်။ (NVS 008 )