“မင်္ဂလာဒုံမြို့နယ်မှ နို့နှင့်နို့ထွက်ပစ္စည်း အများဆုံးထုတ်လုပ်၍ နိုင်ငံတစ်ဝှမ်းသို့ ဖြန့်ဖြူးနေ”

21 Sep

ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့စားနွားကောင်ရေ ၂၂,၀၀၀ ကျော်မွေးမြူထားတဲ့အနက် မင်္ဂလာဒုံမြို့နယ်မှာ နို့စားနွားကောင်ရေ ၄,၄၀၀ ကျော်နဲ့ အများဆုံးမွေးမြူထားကာ နို့နှင့် နို့ထွက်ပစ္စည်းအများဆုံးထုတ်လုပ်၍ နိုင်ငံတစ်ဝှမ်းသို့ဖြန့်ဖြူးနေကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရပါတယ်။ မင်္ဂလာဒုံမြို့နယ်အတွင်းမှာ နို့နှင့်နို့ထွက်ပစ္စည်း တန်ဖိုးမြှင့်ထုတ်လုပ်တဲ့လုပ်ငန်း ၁၂ ခုရှိပြီး အကြီးစား လုပ်ငန်းလုပ်ကိုင်ကြတဲ့ ငွေဇင်ပုလဲ၊ Walco၊ အားမာန်၊ TM ၊ ရွှေပုစွန်၊ ဖန်ဟွ(Funwa)နှင့်Boss စတဲ့မွေးမြူရေး ခြံများမှ နို့နှင့်နို့ထွက်ပစ္စည်းများ နေ့စဉ်ထုတ်လုပ်၍ ရန်ကုန်မြို့နှင့် နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးလျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားဖြစ်နို့စားနွားမွေးမြူရေး ၂၅၅ ခြံမှာ နို့စားနွားအကောင်ရေ ၁၁,၆၀၀ ကျော်မွေးမြူထားပြီး ကျန်ရှိတဲ့ တစ်ပိုင်တစ်နိုင် နို့စားနွားများအပါအဝင် တိုင်းဒေသကြီးအတွင်း စုစုပေါင်းကောင်ရေ ၂၂,၀၀၀ ကျော် မွေးမြူထားကြောင်း၊ ယင်းအနက် မင်္ဂလာဒုံမြို့နယ်တွင် စီးပွားဖြစ်မွေးမြူရေးခြံ ၅၇ ခြံမှာ ကောင်ရေ ၃,၅၀၀ ကျော်၊ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံ ၁၁၈ ခြံ၌ ကောင်ရေ ၉၀၀ ခန့်ဖြင့် စုစုပေါင်းကောင်ရေ ၄,၀၀၀ ကျော် ဖြင့်အများဆုံးမွေးမြူထားကြောင်း သိရပါတယ်။ မင်္ဂလာဒုံမြို့နယ်မှ တစ်ရက်လျှင် နွားနို့ပိဿာ ၈,၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး TM၊ အားမာန်၊ ငွေဇင်ပုလဲ၊ Walco စတဲ့နို့နှင့် နို့ထွက်ပစ္စည်းလုပ်ငန်းများမှ တစ်ရက်လျှင် နွားနို့ပိဿာ ၆,၁၀၀ မှ တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ်တဲ့ အသင့်သောက်နွားနို့ ၃,၁၉၀ ပိဿာ၊ ဒိန်ချဉ် ၁,၀၄၀ ပိဿာ၊ နို့စိမ်း ၁၇၂၀ ပိဿာ၊ ထောပတ် ၃၀ ပိဿာ၊ ပူတင်း ၆၀ ပိဿာနှင့် နွားနို့ယို ၆၀ ပိဿာ ထုတ်လုပ်၍ ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။ (NVS 008 )

21 Sep

ADVERTISE HERE .