“နေပြည်တော်နှင့် တိုင်းဒေသကြီးသုံးခု၌ ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန်အဖြစ် ဧကသုံးသိန်းကျော် ဖော်ဆောင်လျက်ရှိ”
19 Sep
ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန်များကို နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း ဒေသကြီးတို့၌ ဧကသုံးသိန်းကျော် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရပါတယ်။ အဆိုပါ ပြည်ပပို့ကုန်ဆန်စပါးစိုက်ပျိုးရေးဇုန်များမှ တောင်သူလယ်သမားခေါင်းဆောင်များ၊ ကုမ္ပဏီများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပခဲ့ပြီး ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန်များကို ကောင်းကင်ဂြိုဟ်တု Satellite အသုံးပြု၍ စိုက်ပျိုးမှုအခြေအနေများအား စိစစ်ခြင်း၊ အပင်များအခြေအနေ၊ ရိတ်သိမ်းမှုအခြေအနေများကို စိစစ်ခြင်းအတွက် ဂြိုဟ်တုမှ ထောက်လှမ်းအသုံးပြုသည့် စနစ်ဖြင့် ဧကတစ်သိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ပါတယ်။ တောင်သူလယ်သမားများ စပါးအထွက်နှုန်းတိုးပြီး ဝင်ငွေတိုးတက်စေရေး၊ ပြည်ပပို့ကုန်ဆန်များ အရည်အသွေးကောင်းမွန်စေရေး၊ နှစ်စဉ်ပို့ကုန် တိုးမြှင့်တင်ပို့နိုင်မှုကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ပို့ကုန်လုပ်ငန်းမှ ဦးဆောင်သည့် ဆန်စပါးကဏ္ဍတစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ထုတ်လုပ်မှုသည် အဓိကဖြစ်ရာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများ မြှင့်တင်ရမှာဖြစ်ပါတယ်။ စားရေရိက္ခာဖူလုံပေါများရေးနှင့် ပတ်သက်၍ အဓိကစားသုံးကုန်ဖြစ်သည့် ဆန်သည် မြန်မာနိုင်ငံအတွက် ဖူလုံမှုရှိပြီးဖြစ်သည့်အပြင် ပြည်ပသို့လည်း နှစ်စဉ်တင်ပို့လျက်ရှိရာ ပန်းတိုင်ရည်မှန်းချက်အတိုင်း ပြည့်မီအောင်ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဆန် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပသို့လည်း ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)