“သီတဂူဆရာတော်ကြီးက ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် လေးမျက်နှာမြို့နယ်အတွက် အလှူငွေများလှူဒါန်း”
19 Sep
နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယသာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင် သီတဂူ ဆရာတော်ကြီးက ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်သိန်း ၁,၀၀၀ ကို စက်တင်ဘာလ ၁၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံ(မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ဆရာတော်ကြီး ပေးအပ်လှူဒါန်းသည့် ငွေကျပ် သိန်း ၁,၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပါသကာအဖြစ်ဆောင်ရွက်ပြီး ပေးအပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပါတယ်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာတော်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ဆက်ကပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သီတဂူဆရာတော် ကြီးအား ဝါဆိုသင်္ကန်းဆက်ကပ်ကာ သီတဂူမျက်စိအလှူတော်အတွက် အလှူတော်ငွေများ လှူဒါန်းခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဒေါ်ဖြူမာဝေနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။(NVS 008)