“ဂျပန်တွင် အမေရိကန်၏ Typhon ဒုံးကျည်စနစ်များဖြန့်ကြက်မှု ရုရှားကန့်ကွက်”
19 Sep
ဂျပန်နိုင်ငံရှိ ကျူရှူးကျွန်းတွင် အမေရိကန်နိုင်ငံထုတ် Typhon အမျိုးအစား မြေပြင်အခြေစိုက် ဒုံးကျည် စနစ်များဖြန့်ကြက်မှုကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်အစိုးရထံ ကန့်ကွက်စာပေးပို့ခဲ့ကြောင်း စက်တင်ဘာလ ၁၈ ရက် တွင်ပြောသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါကန့်ကွက်စာကို စက်တင်ဘာလ ၃ ရက်တွင် မော်စကိုမြို့နှင့် တိုကျိုမြို့တို့ရှိ ဂျပန်တာဝန်ရှိသူများထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ ကပြောသည်။ Typhon စနစ်များ ဖြန့်ကြက်ထားခြင်းသည် ရုရှား၏အမျိုးသားလုံခြုံရေးအပြင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။ ထို့နောက် ဂျပန်နိုင်ငံအနေဖြင့် ထိုဒုံးကျည်စနစ်များ ဖြန့်ကြက်ထားမှုကိုရပ်တန့်ပြီး ဒုံးကျည်များကို ဖယ်ရှားရန် ရုရှားဘက်က တောင်းဆိုထားသည်။ Typhon အမျိုးအစား ဒုံးကျည်စနစ်သည် တာလတ်နှင့်တာတိုပစ် ဒုံးကျည်များကိုပစ်လွှတ်နိုင်သည့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်တစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံတွင် ယင်းစနစ်များ ဖြန့်ကြက်ချထားမှုအပေါ် ရုရှားက လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ထုတ်ဖော်ပြောထားခြင်း ဖြစ်ကြောင်းသိရသည်။