“စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေ ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုးရန် သဘောတူညီမှုရရှိ”
18 Sep
စပိန်လက်ရွေးစင်အသင်းနည်းပြ ဒယ်လာဖွန်တေ ဟာ ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က ဒယ်လာဖွန်တေ ကို ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ သက်တမ်းတိုးဖို့ ကြိုးပမ်းနေကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက သတင်းထွက်ခဲ့ပြီး BBC က ယူရို-၂၀၃၂ ပြိုင်ပွဲအထိ သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ဒယ်လာဖွန်တေ ဟာ စပိန်လက်ရွေးစင်အသင်းကို ယူရို-၂၀၂၄ ချန်ပီယံဆုနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုတွေ ဆက်တိုက်ရယူပေးနိုင်ခဲ့တာကြောင့် RFEF က ကာလရှည် ဆက်လက်လက်တွဲသွားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒယ်လာဖွန်တေ ဟာ ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ရာမှာ ထင်ထင် ရှားရှားမရှိခဲ့ဘဲ ၂၀၁၉ ခုနှစ်မှာ စပိန်ယူ-၁၉ အသင်းနည်းပြအဖြစ် ဆောင်ရွက်ကာ စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ စတင် လက်တွဲခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၁၃ ကနေ ၂၀၁၈ အထိ စပိန်ယူ-၁၉ အသင်း၊ ၂၀၁၈ ကနေ ၂၀၂၂ အထိ စပိန်ယူ-၂၁ အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး အဆိုပါအသင်းတွေကို ဥရောပချန်ပီယံဆုတွေ ရယူပေးနိုင်ခဲ့တဲ့အတွက် ၂၀၂၂ ခုနှစ်မှာ စပိန်လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ သူ့ရဲ့ လက်ရှိစာချုပ်က ၂၀၂၈ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ်အရ စပိန်လက်ရွေးစင်နည်းပြအဖြစ် ၁၀ နှစ်ကြာ တာဝန်ယူခွင့်ရရှိမှာဖြစ်ပါတယ်။ RFEF ဥက္ကဋ္ဌ ရာဖေးလ်လိုဇန်က စပိန်အသင်းမှာ ဒယ်လာဖွန်တေ အနေနဲ့ နှစ်ပေါင်းများစွာ ဆက်ရှိသွားမှာဖြစ်ကြောင်းနဲ့ နည်းပြဘဝကို စပိန်အသင်းမှာပဲ အဆုံးသတ်သွားစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)