“PDF အမည်ခံနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များ လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ၅,၆၇၂ ဦးဝင်ရောက်”
16 Sep
ဥပဒေ၏အရိပ်အောက်တွင် မိသားစုနှင့်အတူပေါင်းစည်းကာ လွတ်လပ်စွာနေထိုင်လုပ်ကိုင်လိုခြင်း၊ ဥပဒေ ဘောင်အတွင်း ဝင်ရောက်ရာတွင်လည်း လုံခြုံမှုရှိစွာဖြင့် ပြည်သူလူထုအတွင်း လွတ်လပ်စွာနေထိုင်လုပ်ကိုင်ခွင့် ရရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူများက စီမံဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာခြင်းတို့ကြောင့် PDF အမည်ခံနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များအနေနဲ့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာမှုများမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်အထိ အမျိုးသား ၅၀၃၆ ဦး၊ အမျိုးသမီး ၆၃၆ ဦး၊ စုစုပေါင်း ၅,၆၇၂ ဦး ဖြစ်ပြီး လက်နက်မျိုးစုံ ၆၉၂ လက်ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရပါတယ်။ ၎င်းအဖွဲ့များအား တိုင်းစစ်ဌာနချုပ်အသီးသီးမှ စနစ်တကျ ကြိုဆိုလက်ခံခဲ့ကြပြီး တာဝန်ရှိသူများက တရားဥပဒေပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ၎င်းတို့နှင့်အတူ ပါရှိလာသည့် လက်နက်၊ ခဲယမ်းများအတွက် ထိုက်တန်သည့် ဆုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်၍ မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိပါတယ်။ သို့ဖြစ်၍ နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်အဖွဲ့များထံသို့ ရောက်ရှိနေသူများအနေနဲ့ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော အခြေခံအဆောက်အအုံ များ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံတော့ဘဲ လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိပါက နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့ကြရန်နှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများနှင့် ကူညီထောက်ပံ့မှုများကို ထိုက်တန်စွာပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)