“အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)တို့ တွေ့ဆုံဆွေးနွေး”
16 Sep
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲပြုလုပ်နိုင်ရန် နိုင်ငံတော် အစိုးရက ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီလ ၂၁ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်လျက်ရှိရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)တို့သည် စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင် နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)အတွင်းရေးမှူး(၁)စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် များတက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ပြောကြားရာတွင် နိုင်ငံ အနေဖြင့် အဓိကလိုအပ်ချက်မှာ စီးပွားရေးဖြစ်ကြောင်း၊ စီးပွားရေးဖော်ဆောင်ရန်မှာလည်း ငြိမ်းချမ်းရေးသည် အဓိက ဖြစ်ကြောင်း၊ ညှိနှိုင်းရေးကော်မတီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ကြိုတင်ကန့်သတ်ချက်များ မထားဘဲ တစ်ပြေးညီဖိတ်ခေါ်ခဲ့ပြီး ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်ပြီးလည်း ဆွေးနွေးညှိနှိုင်း မှုများအား စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခင်သဘောတူညီခဲ့သည့် အပိုင်းများကို လိုက်နာ ဆောင်ရွက်ပြီး ရှေ့ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်နည်းလမ်းများကို ဆွေးနွေးပေးစေလိုကြောင်း၊ ယခင်ချုပ်ဆိုခဲ့သော စာချုပ်များကို လေးစားလိုက်နာပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ယုံကြည်မှုတည်ဆောက်နိုင်မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ်ထိတွေ့ပြီး ရှေ့ဆက်နိုင်မည်ဖြစ်၍ နည်းလမ်းမျိုးစုံနှင့် ဆက်သွယ် ဆောင်ရွက်စေလိုပါကြောင်း၊ နှစ်ဖက်အပြန်အလှန် ထိတွေ့ဆက်ဆံဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်ယုံကြည်မှု လည်း တိုးလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း က အစိုးရသစ် ဖွဲ့ပြီးနောက်ပိုင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများကျင်းပနိုင်ရေး ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၂၁ ရက်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် တရားဝင်ဖိတ်ခေါ်ခြင်းအား ကြိုဆိုပါကြောင်း၊ ဇူလိုင်လနှင့် ဩဂုတ်လအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးတွေ့ဆုံမှုများသည် ဆွေးနွေးခြင်း လုပ်ငန်းစဉ်တိုးတက်မှုကို ပြသရာရောက်ခြင်းဖြစ်သကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းကို အလေးထားခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် ယုံကြည်မှုသည် အလွန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများနေရပ်ပြန်လာစေရေးနှင့် ပြန်လည်ထူထောင်ရေး အစီအမံများကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ပေးနေကြောင်း၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးတို့အား ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယနေ့ဆွေးနွေးပွဲမှ ရလဒ်ကောင်းများရမည်ကို ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)