“နိုင်ငံဖွံ့ဖြိုးတိုးတက်မှုရရှိခြင်း၏ အဓိကအကြောင်းရင်းသည် နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိခြင်းပင်ဖြစ်”

16 Sep

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ရရှိခြင်း၏ အဓိကအကြောင်းရင်းသည် နိုင်ငံတည်ငြိမ်အေးချမ်းမှု ရှိခြင်းပင်ဖြစ်ကြောင်း စက်တင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းတွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက ခရီးစဉ်များသွားရောက်ခဲ့စဉ် ဖွံ့ဖြိုးတိုးတက်မှုရရှိခြင်း၏ အဓိကအကြောင်းရင်းသည် နိုင်ငံတည်ငြိမ်အေးချမ်းမှု ရှိခြင်းပင်ဖြစ်ပြီး နိုင်ငံသူ၊နိုင်ငံသားများအားလုံး ကိုယ်စိတ်နှလုံး လုံခြုံအေးချမ်းစွာဖြင့် လုပ်ကိုင်စားသောက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးကတည်းကပင် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းမှုရရှိရေးအတွက် အစိုးရအဆက်ဆက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံလိုအပ်သည့် စွမ်းရည်၊ စွမ်းအားရှိသော လူ့စွမ်းအားအရင်းအမြစ်များ၊ နိုင်ငံစီးပွားရေးနှင့် ပညာရေး၊ ကျန်းမာရေးအပါအဝင် လမ်း၊ တံတားနှင့် အခြေခံ အဆောက်အအုံများကို အကြမ်းဖက်သမားများက ခေတ်အဆက်ဆက်နည်းလမ်းပေါင်းစုံဖြင့် ယနေ့ထက်တိုင် နှောင့်ယှက်ဖျက်ဆီးခဲ့ကြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ခေတ်အဆက်ဆက် နိုင်ငံ တည်ဆောက်ရေးတွင် “သမင်မွေးရင်း ကျားစားရင်း”ဆိုသကဲ့သို့ဖြစ်နေပြီး နိုင်ငံအတွက် ကြီးမားသည့် သမိုင်း သင်ခန်းစာတစ်ခုကဲ့သို့ ဖြစ်နေ ရကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ၎င်းတို့ဖျက်ဆီးခဲ့ကြသည့် အခြေခံအဆောက်အအုံများနှင့် ဆုံးရှုံးခဲ့ရသည့် လူသားအရင်းအမြစ် များကို ပြန်လည်တည်ဆောက်မွေးထုတ်နေရခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ခြင်းမရှိသည်မှာ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကြီးစွာသော ထိခိုက်နစ်နာဆုံးရှုံးနေရမှုပင်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့နိုင်ငံ၌ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက် လာသည့် လွှတ်တော်နှင့်အစိုးရတို့ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဟူသည့် ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုး တိုးတက်နိုင်မှာဖြစ်လို့ တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် နိုင်ငံတော်တွင် အတူတကွ မှီတင်းနေထိုင်ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးက ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက်လည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်က အမြဲတမ်းတံခါးဖွင့် ဖိတ်ခေါ်ကြိုဆိုလျက်ရှိသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုရရှိရေးအတွက် လည်းဖြစ်နိုင်သည်များကို တောင်းဆိုခြင်း၊ မဖြစ်နိုင်သည်များကို ညှိနှိုင်းခြင်းတို့ဖြင့် နိုင်ငံ့အကျိုးကိုကြည့်၍ ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်း၊ ပြည်ပခရီးစဉ်များ သွားရောက်မှု များမှ ရရှိခဲ့သည့် စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့အပါအဝင် နယ်ပယ် ပေါင်းစုံမှ တွေ့မြင်လေ့လာ သိရှိခဲ့ရသည့် အတွေ့အကြုံကောင်းများကို သင်ခန်းစာယူ၍ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည်များကို အတုယူဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစော နှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

16 Sep

ADVERTISE HERE .