ထူးခြားသတင်းများ အကျဉ်းချုပ် စက်တင်ဘာ ၁၃ ရက် (တနင်္ဂနွေနေ့ မနက်ပိုင်း)
13 Sep
ထူးခြားသတင်းများ အကျဉ်းချုပ် စက်တင်ဘာ ၁၃ ရက် (တနင်္ဂနွေနေ့ မနက်ပိုင်း) နိုင်ငံတကာထူးခြားသတင်း ဆော်ဒီ ကျောထောက်နောက်ခံပြု ယီမင်အစိုးရတပ်များအား အီရန် ကျောထောက်နောက်ခံပြု ဟူသီသူပုန်တို့က တိုက်ထုတ်လိုက်၍ ပင်လယ်နီကမ်းခြေတလျှောက်နှင့် ကျွန်း ၃ ကျွန်းကို ဟူသီတို့ သိမ်းပိုက်လိုက်သည်။ လက်ဘနွန် တောင်ပိုင်း အလီအယ်ဟာဒါ တောင်တန်းတွင် လှိုဏ်ခေါင်းတူး၍ သိုလှောင်ထားသော ဟားမားစ်တို့၏ လက်နက်ဂိုဒေါင်ကို အစ္စရေးက ဗုံးကြဲဖျက်ဆီးနိုင်ခဲ့သည်။ BRICS အစည်းအဝေးပြင်ပတွင် အီရန်နှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးတို့ နယူးဒေလီ၌ တွေ့ဆုံ၍ အမေရိကန်နှင့် စစ်ရပ်ဆံရေးကိစ္စ ဆွေးနွေးခဲ့ကြပြီး အပြုသဘောဆောင်သည်ဟု သိရသည်။ ထို့ပြင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဝန်ကြီးချုပ် မိုဒီတို့ သီးသန့် တွေ့ဆုံခဲ့သည်။ ဒတ်ချ် ကမ္ဘာလှည့်ခရီးသည် ၄၅ ယောက် စီးလာသော ဘတ်စ်ကား ဆွတ်ဇာလန်နိုင်ငံ အဲလိပ်တောင်တန်းတွင် တိမ်းမှောက်ရာ ၅ ယောက် သေဆုံးပြီး ၄၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ဥရောပနိုင်ငံ ဖြစ်သော ဩစတြီးယားတွင် မွတ်ဆလင်အမျိုးသမီးများ ခေါင်းမြီးခြုံခွင့် ပိတ်ပင်လိုက်သည်။ ထိုင်းဘတ်ငွေ ၅၂ သန်းကျော်တန် ထိုးဆေး ပိန်ဆေးများကို နွန်သဘူရီ ခရိုင်နေအိမ်တစ်လုံး၌ ဖမ်းဆီးရမိခဲ့သည်။ ၎င်းပိန်ဆေး ထိုးပါက ကျောက်ကပ်နှင့် ပန်ကရိယ ပျက်စီးနိုင်ကြောင်း သိရသည်။ ပြည်တွင်းထူးခြားသတင်း ကျောက်မဲမြို့လယ် ဈေးအပြင်တန်း ဦးဖိုးစိန်၏ “ရွှေမိုး" ရွှေဆိုင် ဖွင့်ရန်ပြင်နေစဉ် လက်နက်ကိုင် လူ ၃ ဦးက ဓားပြတိုက်ခဲ့ရာ အထည်မျိုးစုံ ကျပ်သိန်း ၆၃၀ဝ ကျော်ဖိုး ပါသွားခဲ့ပြီး၊ တားဆီးရန်ကြိုးပမ်းသူ ဈေးဝန်ထမ်း ပစ်ခတ်ခံရ၍ ခြေထောက် ထိမှန်ဒဏ်ရာရရှိခဲ့သည်။ မုဒုံ - မော်လမြိုင် ကားလမ်းတွင် အိမ်စီးကား ၂ စီးနှင့် အိန်းစပရက်စ် ၁ စီးတို့အား KNU/PDF အဖွဲ့က စားပြတိုက်ခဲ့ရာ ခရီးသည်တို့၏ ဖုန်းများ၊ ရွှေငွေ လက်ဝတ်လက်စားနှင့် ငွေသားကျပ်သိန်း ၉၀ ကျော် ပါသွားခဲ့သည်။ မန္တလေး မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်တွင် စစ္စတန်ဘရိတ်ဒေါင်းကြောင့် မီးပျက်ချိန် ဓာတ်တိုင်ပေါ်တက် လိုင်းပြင်သူ EPC ဝန်ထမ်းသည် မီးပြန်လာသဖြင့် ဓာတ်လိုက်၍ သေဆုံးသွားခဲ့သည်။ တံတားဦးလေဆိပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် PDF အဖွဲ့အား မြို့သာ လမ်းဘက်တွင် ရှင်းလင်းရာ PDF ၃ လောင်း ရရှိခဲ့ပြီး လေကြောင်းရန် ဗျူဟာမှူး ကျဆုံးခဲ့သည်။ ပြည်ထောင်စုနယ်မြေ - နေပြည်တော် USDP ပြည်ထောင်စုနယ်မြေ တိုင်းအဆင့်ညီလာခံပြုလုပ်ရာ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ၈ မြို့နယ်၊ ၄ ခရိုင်မှ ပါတီကော်မတီဝင် ၁၂၇ ဦး တက်ရောက်ခဲ့သည်။ တိုင်းအဆင့် ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များကို ရွေးချယ်ရာ ဥက္ကဋ္ဌအဖြစ် ဦးလှဆွေ နှင့် ကော်မတီဝင်များ ရွေးချယ်ခံရပြီး သဘာပတိရှေ့မှောက်၌ ကတိသစ္စာဆိုခဲ့ကြသည်။ ညနေပိုင်းတွင် နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံမှ နေပြည်တော် ဧလင်း / ဧလော လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ သတင်းရင်းမြစ် - USDP ပြည်ထောင်စုနယ်မြေ Bulletin