“တိုင်ဆန်ဖြူရီ က အန်သိုနီဂျိုရှုအာ နှင့်ပွဲစဉ်ကို လာမည့်နိုဝင်ဘာလ ၂၈ ရက်တွင်ထိုးသတ်ရန် ပြန်လည်ဆွေးနွေး”
13 Sep
အင်္ဂလန်လက်ဝှေ့သမား တိုင်ဆန်ဖြူရီ က တစ်နိုင်ငံတည်းသား အန်သိုနီဂျိုရှုအာ နှင့် လာမည့် နိုဝင်ဘာလ ၂၈ ရက်တွင်ထိုးသတ်ရန် ပြန်လည်ဆွေးနွေးနေကြောင်း Source Boxing သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ တိုင်ဆန်ဖြူရီ က ဟဲဗီးဝိတ်တန်းပွဲစဉ်အဖြစ် အန်သိုနီဂျိုရှုအာ နှင့်ထိုးသတ်ရန် အစောပိုင်းကတည်းက ဆွေးနွေးနေသော်လည်း စက်တင်ဘာလ ၇ ရက်မှာ ပြိုင်ပွဲကျင်းပမည့်နေရာနှင့် စာချုပ်ပါအချက်အလက်များ ညှိနှိုင်းမှု အဆင်မပြေ ဖြစ်ခဲ့တာကြောင့် ယူကရိန်းလက်ဝှေ့သမား အူဆက်ခ် နှင့်ထိုးသတ်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သို့သော်လည်း ယခုအခါမှာ တိုင်ဆန်ဖြူရီ က အန်သိုနီဂျိုရှုအာ နှင့် လာမည့်နိုဝင်ဘာလ ၂၈ ရက်တွင် ဝေးလ်နိုင်ငံ၊ ကာဒစ်မြို့ရှိ ပရိသတ်ဦးရေ ၈၀,၀၀၀ ဝင်ဆံ့သည့် Principality Stadium တွင်ထိုးသတ်ရန် ပြန်လည် ဆွေးနွေးနေကြောင်း အတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ တိုင်ဆန်ဖြူရီ က အန်သိုနီဂျိုရှုအာ နှင့်ထိုးသတ်ရန် မိမိဘက်မှ အသင့်ဖြစ်နေပြီဖြစ်ပြီး အန်သိုနီဂျိုရှုအာ က မိမိနှင့် ထိုးသတ်လိုခြင်းမရှိတဲ့အတွက် ကျင်းပမည့်နေရာကို အကြောင်းပြချက်ပေးနေကြောင်း ဝေဖန်ပြောကြား ခဲ့ပါတယ်။ လက်ရှိတွင် တိုင်ဆန်ဖြူရီ နှင့် အန်သိုနီဂျိုရှုအာ တို့ထိုးသတ်ရန် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ကြား ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး အန်သိုနီဂျိုရှုအာ ရဲ့ Promoter ကိုယ်တိုင်က ဗြိတိန်တွင်ထိုးသတ်ရန် သဘောတူညီ မှုရရှိထားကြောင်း သိရပါတယ်။(NVS 008)