“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် နှင့် နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပ”
12 Sep
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တွင် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် စက်တင်ဘာလ ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၀ မိနစ်တွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ရုံး(Peace Palace)ရှိ အစည်းအဝေးခန်းမ၌ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ကမ္ဘောဒီးယားအစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အပြုသဘော ဖြစ်ပေါ်တိုးတက်မှုများကို အစဉ်တစိုက်ထောက်ခံပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိနိုင်ငံတော်သမ္မတ အဖြစ် တာဝန်ယူဆောင်ရွက်သည့်အချိန်တွင် ကမ္ဘောဒီးယား-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်ခိုင်မာလာအောင် ကြိုးပမ်းလုပ်ဆောင်သွားမည်ကို အခိုင်အမာပြောကြားလိုကြောင်း ပြောကြား ခဲ့ပါတယ်။ ထို့နောက် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ရပ်တည်ထောက်ခံပေးလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံ ကြား ကာကွယ်ရေးနှင့်လုံခြုံရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)ကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ ပညာရေးကဏ္ဍ၊ အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍ တို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေး ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်လျက်ရှိမှုနှင့် ကမ္ဘောဒီးယားနိုင်ငံ အစိုးရအနေဖြင့်လည်း အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ်တိုးတက် ပြောင်းလဲလျက်ရှိမှု၊ အာဆီယံအဖွဲ့အတွင်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးတွင် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၏ ချစ်ကြည် ရင်းနှီးသည့်ဆက်ဆံရေးကို အလေးထားပြီး ကမ္ဘောဒီးယားနိုင်ငံ၏ ယုံကြည်စိတ်ချရသည့် မိတ်ဆွေကောင်းနိုင်ငံ တစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား သဘောတူစာချုပ် များနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး လဲလှယ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကြား ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်မြှင့်တင်နိုင်ရေးနှင့် အကာ အကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်၊ အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ်၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် ပြန်ကြားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတို့ကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက် တို့၏ ရှေ့မှောက်၌ အသီးသီးလက်မှတ်ရေးထိုးကာ အပြန်အလှန်လဲလှယ်ကြောင်း သိရပါတယ်။(NVS 008)