“ယူအေအီးနိုင်ငံနှင့် သံတမန်ဆက်ဆံရေးထားရှိမှုကို အယ်လ်ဂျီးရီးယားနိုင်ငံ ဖြတ်တောက်”
12 Sep
အယ်လ်ဂျီးရီးယားနိုင်ငံသည် ယူအေအီးနိုင်ငံနှင့် သံတမန်ဆက်ဆံရေးထားရှိမှုကို စက်တင်ဘာလ ၁၀ ရက် တွင် ဖြတ်တောက်ခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ယူအေအီးနိုင်ငံ၏ ရန်လိုရာရောက်သည့် လုပ်ရပ်များကြောင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ဖြတ်တောက် ခဲ့ခြင်းဖြစ်ကြောင်း အယ်လ်ဂျီးရီးယား နိုင်ငံခြားရေးဝန်ကြီးက ကြေညာထားသော်လည်း အသေးစိတ်ထုတ်ဖော်ပြော ကြားခဲ့ခြင်းမရှိကြောင်း သိရသည်။ သို့ရာတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ဖြတ်တောက်ရန် အယ်လ်ဂျီးရီးယား နိုင်ငံ၏ ဆုံးဖြတ်ချက်မှာ ယာယီဆုံးဖြတ်ချက်မျှသာဖြစ်သည်ဟု မိမိတို့မျှော်လင့်ထားကြောင်း ယူအေအီးနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ထို့ပြင် ယူအေအီးနိုင်ငံအနေဖြင့် နှစ်နိုင်ငံပြည်သူများကြား ဆက်ဆံရေးနှင့် ဘုံအကျိုးစီးပွားများကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ယူအေအီးနိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အယ်လ်ဂျီးရီးယားနှင့် ယူအေအီးနိုင်ငံတို့ကြား နှစ်နိုင်ငံဆက်ဆံရေးမှာ ပြီးခဲ့သည့်နှစ်များအတွင်း တင်းမာလာခဲ့ ရသည်။ ယူအေအီးနိုင်ငံသည် ဒေသတွင်းနိုင်ငံများကို ရန်တိုက်ပေးနေကြောင်း အယ်လ်ဂျီးရီးယားမီဒီယာများက ပြောကြားပြီး ယူအေအီးအစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားထားသည်။ ယူအေအီးနိုင်ငံ၏ လုပ်ရပ်များသည် မိမိတို့ သည်းမခံနိုင်သည့်အဆင့်ကို ရောက်ရှိနေပြီဟု အယ်လ်ဂျီးရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားကြောင်းသိရသည်။