“မက္ကဆီကိုလက်ရွေးစင်အသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ရာဖေးလ်မားကွက်ဇ်”
11 Sep
ရာဖေးလ်မားကွက်ဇ် အနေနဲ့ မက္ကဆီကိုလက်ရွေးစင်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီးနောက် အသင်းကို ကစားသမားဘဝကထက် ပိုမိုသာလွန်တဲ့အဆင့်ကို ပို့ဆောင်ပေးလိုကြောင်း ပြောကြားခဲ့ပါတယ်။ ရာဖေးလ်မားကွက်ဇ် ဟာ မက္ကဆီကိုလက်ရွေးစင်အသင်းနည်းပြအဖြစ် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ ခန့်အပ်ခံထားရသူဖြစ်ပြီး မက္ကဆီကိုဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်မှာ တရားဝင်မိတ်ဆက်ပွဲ အခမ်းအနား ပြုလုပ်ပေးခဲ့ပါတယ်။ ရာဖေးလ်မားကွက်ဇ် ဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝါရင့်နည်းပြ အဂွီရီး ရဲ့ လက်ထောက် နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ဇူလိုင်လမှာ လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ ရာဖေးလ်မားကွက်ဇ် ဟာ ကစားသမားဘဝမှာ မက္ကဆီကိုအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ (၅)ကြိမ်ဆက် ဆင်နွှဲခွင့် ရခဲ့ပေမယ့် ၅ ကြိမ်စလုံး ရှုံးထွက်(၁၆)သင်းအဆင့်သာ ရောက်ရှိခဲ့ပါတယ်။ ရာဖေးလ်မားကွက်ဇ် အနေနဲ့ စက်တင်ဘာလ နိုင်ငံတကာရက်သတ္တပတ်မှာ မက္ကဆီကိုလက်ရွေးစင် နည်းပြ အဖြစ် စတင်ကိုင်တွယ်ရမှာဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်မှာ ကိုလံဘီယာ၊ စက်တင်ဘာလ ၂၉ ရက်မှာ ပီရူးအသင်းတို့နဲ့ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။(NVS 008)