“ဆက်သွယ်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုများတိုက်ဖျက်ရေး တရုတ်နိုင်ငံကဦးဆောင်၍ နိုင်ငံတကာမဟာမိတ် အဖွဲ့ ဖွဲ့စည်း”

11 Sep

နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုများအား တိုက်ဖျက်ရန်ရည်ရွယ်သည့် နိုင်ငံတကာ မဟာမိတ်အဖွဲ့ကို စက်တင်ဘာလ ၁၀ ရက်၌ ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံအရှေ့ပိုင်း လျန်ယွင်ကန်မြို့၌ ကျင်းပသည့် အဆိုပါမဟာမိတ်အဖွဲ့ စတင်ဖွဲ့စည်းခြင်းဆိုင်ရာ ညီလာခံသို့ တည်ထောင်သူနိုင်ငံ ၄၆ နိုင်ငံ၊ လေ့လာသူနိုင်ငံ ၃၄ နိုင်ငံ၊ ကုလသမဂ္ဂ၊ အင်တာပိုအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း ၄ ခုတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံအစိုးရ၏ ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသော အဆိုပါမဟာမိတ်အဖွဲ့သည် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုများအပြင် ဆက်စပ်ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ရည်ရွယ်၍ အစိုးရအချင်းချင်း ပူးပေါင်း ဆောင်ရွက်သော အဖွဲ့အစည်းဖြစ်သည်။ အဆိုပါညီလာခံတွင် တရုတ်နိုင်ငံနှင့် အခြားသော တည်ထောင်သူအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ လာအို၊ ကင်ညာ၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်နှင့် ရုရှားနိုင်ငံတို့မှ ကိုယ်စားလှယ်များက မိန့်ခွန်းပြောကြားခဲ့ကြပြီး အင်တာပိုမှ ကိုယ်စားလှယ်တစ်ဦးကလည်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ တက်ရောက်လာသူများက ထိုမဟာမိတ်အဖွဲ့အား ဖွဲ့စည်းရေးအတွက် တရုတ်နိုင်ငံ၏ ဦးဆောင်ကြိုးပမ်းမှုကို ကြိုဆိုခဲ့ကြပြီး ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရာတွင် ၎င်း၏အရေးပါမှုကို အသိအမှတ် ပြုခဲ့ကြသည်။ တက်ရောက်လာသူများက အဆိုပါမဟာမိတ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြပြီး ဆက်သွယ်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုများသည် ပိုမိုအားကောင်းသော နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအားလိုအပ်သည့် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုဖြစ်လာပြီဟု ပြောကြားခဲ့ကြသည်။ နိုင်ငံတကာ သဘောတူစာချုပ်များကို အခြေခံ၍ ပိုမိုအာရုံစိုက်လုပ်ဆောင်နိုင်ပြီး ကျွမ်းကျင်ထိရောက်မှုရှိကာ လက်တွေ့လုပ်ဆောင်ချက်များကို ရှေးရှုသော အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းကို တည်ထောင်ခြင်းသည် ဆက်သွယ်ရေးနှင့် ဆိုက်ဘာလိမ်လည်မှုများနှင့် ဆက်စပ်ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်မှုများအား ညှိနှိုင်းဆောင်ရွက်ရာ၌ ထောက်ကူပေးမည်ဖြစ်သလို တစ်နိုင်ငံချင်းစီ၊ တရားဝင် အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများ၏ လုံခြုံရေးနှင့် တရားဝင်အခွင့်အရေး၊ အကျိုးစီးပွားများအား ကာကွယ်စောင့်ရှောက်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်းလည်း အဆိုပါထုတ်ပြန်ကြေညာချက်အရ သိရသည်။ (Repost from Xinhua Myanmar)

11 Sep

ADVERTISE HERE .