“အာဆီယံဒေသတွင်း လိမ်လည်မှုဖြစ်စဉ်များ၏ ထက်ဝက်နီးပါးမှာ ဖြေရှင်းပြီးစီးခြင်းမရှိသေးကြောင်း အစီရင် ခံစာဖော်ပြ”
11 Sep
သုံးစွဲသူများအနေဖြင့် မိမိကိုယ်ကိုယ်ကာကွယ်ရန် ပိုမိုဆောင်ရွက်လာကြသော်ငြားလည်း အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် အစီရင်ခံဖော်ပြခဲ့သော လိမ်လည်မှုဖြစ်စဉ်များ အနက် ထက်ဝက်နီးပါး(၄၅ ရာခိုင်နှုန်း)မှာ ဖြေရှင်းပြီးစီးခြင်းမရှိသေးကြောင်း စက်တင်ဘာလ ၉ ရက်၌ ထုတ်ပြန် ခဲ့သော ၂၀၂၆ ခုနှစ် GSMA အာဆီယံ သုံးစွဲသူများအပေါ် လိမ်လည်မှုဆိုင်ရာအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ စစ်တမ်းကောက်ယူခဲ့သည့် သုံးစွဲသူများအနက် ၈ ရာခိုင်နှုန်းခန့်သည် လွန်ခဲ့သော ၁၂ လအတွင်း လိမ်လည် ခံခဲ့ရခြင်းဖြစ်ကြောင်း၊ လိမ်လည်ခံရသူများအနက် ၆၈ ရာခိုင်နှုန်းမှာ ငွေကြေးဆုံးရှုံးခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့အနက် ၈၂ ရာခိုင်နှုန်းမှာ ဆုံးရှုံးသွားသောငွေကို စိုးစဉ်းမျှပြန်လည်ရရှိခြင်းမရှိခဲ့ကာ ငွေကြေးအားလုံး ပြန်လည်ရရှိသူမှာမူ ၁၀ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူ၌ကျင်းပသည့် Digital Trust Summit တွင် ထုတ်ပြန်ခဲ့သော အဆိုပါအစီရင်ခံစာအရသိရသည်။ ဖြေရှင်း၍ မပြီးပြတ်သေးသော အဆိုပါဖြစ်စဉ်များကြောင့် ဆက်သွယ်ရေးလမ်းကြောင်းများ၊ ဒစ်ဂျစ်တယ် ပလက်ဖောင်းများနှင့် အချက်အလက်မျှဝေခြင်းတို့အပေါ် သုံးစွဲသူများ၏ယုံကြည်မှု လျော့နည်းလာလျက်ရှိပြီး လူ အများအပြားသည် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများအား အသုံးပြုပုံနှင့် ဝင်ရောက်လာသော ဆက်သွယ်မှုများအား တုံ့ပြန်ပုံတို့ကို ပြောင်းလဲလုပ်ဆောင်လာကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့ပြင် မက်ဆေ့ချ်ပေးပို့သည့် အပလီကေးရှင်းများမှာ လိမ်လည်မှုများနှင့် ကြုံတွေ့ရသည့် အဖြစ်အများဆုံး လမ်းကြောင်းဖြစ်လာပြီး တိုင်ကြားထားသော လိမ်လည်မှုဖြစ်စဉ်များ၏ ၄၁ ရာခိုင်နှုန်းမှာ ထိုအက်ပ်(App) များမှ တစ်ဆင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် ဒေသတွင်း၌ အဓိကကျသော ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့် လိမ်လည်မှုများအပေါ် သုံးစွဲသူများ၏ ဆက်စပ်တွေးမြင်လာမှုများမှာ တိုးပွားလာလျက်ရှိကြောင်း သိရသည်။ သုံးစွဲသူများ၏ ၉၆ ရာခိုင်နှုန်း သည် လိမ်လည်ခံရမည် သို့မဟုတ် ဟက်ခ်(အချက်အလက်များအား ရယူနှောင့်ယှက်)ခံရမည်ကို စိုးရိမ်ပူပန်လျက် ရှိပြီး ၁၀ ဦးလျှင် ၉ ဦးနီးပါးက လိမ်လည်မှုများတွင်အသုံးပြုသည့် AI နည်းပညာပုံစံ တစ်မျိုးထက်မနည်းကို သိရှိ နားလည်ထားကြကြောင်းလည်း အစီရင်ခံစာက တွေ့ရှိခဲ့သည်။ လိမ်လည်မှုလုပ်ဆောင်ချက်များသည် ရင်းနှီးမြှုပ်နှံမှု၊ ခရစ်ပတိုငွေကြေး၊ အွန်လိုင်းဈေးဝယ်ခြင်းနှင့် အလုပ်အကိုင်ဆိုင်ရာ လိမ်လည်မှုများဘက်သို့ ပိုမိုဦးတည်လာလျက်ရှိပြီး ယင်းတို့တွင် လိမ်လည်ခံရသူများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ငွေလွှဲပေးမိစေရန် လှည့်ဖျားသိမ်းသွင်းခံရလေ့ရှိသည်။ လိမ်လည်ခံရဖူးသည့် သုံးစွဲသူများသည် အကောင့် သို့မဟုတ် ဝန်ဆောင်မှုပေးသူကို ပြောင်းလဲရန်ဖြစ်နိုင်ခြေ နှစ်ဆကျော် ပိုများကြောင်းလည်း အစီရင်ခံစာ အရသိရသည်။ (Repost from Xinhua Myanmar)