“ဆလိုဗေးနီးယားတွင် အစ္စရေးက ပထမဆုံးသံရုံးကို ဖွင့်လှစ်သဖြင့် လူဦးရေထောင်နှင့်ချီ၍ ဆန္ဒပြ”

11 Sep

ဆလိုဗေးနီးယားနိုင်ငံ မြို့တော်လူဘီအာနာတွင် ဆလိုဗေးနီးယားနိုင်ငံဆိုင်ရာ အစ္စရေးသံရုံးကို စက်တင်ဘာလ ၉ ရက်၌ တရားဝင်ဖွင့်လှစ်ခဲ့ရာ လုံခြုံရေးတင်းကျပ်စွာချထားသည့် ၎င်းသံရုံးရှေ့တွင် လူဦးရေ ၂,၀၀၀ ခန့်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ ဆလိုဗေးနီးယားနိုင်ငံတွင် ပထမဆုံးဖြစ်သည့် အဆိုပါအစ္စရေးသံရုံးကို နှစ်နိုင်ငံကြား စီးပွားရေး၊ ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆလိုဗေးနီးယားနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်ရောက်ရှိနေသော အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gideon Sa'ar က ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြသူများသည် ဆလိုဗေးနီးယားနှင့် ပါလက်စတိုင်း အလံများ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ အစ္စရေးကိုဆန့်ကျင်ပြီး ပါလက်စတိုင်းအားထောက်ခံသည့် ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြကြောင်း သိရသည်။ ဗဟို-လက်ဝဲယိမ်း အတိုက်အခံပါတီနှစ်ခုက ဗဟို-လက်ယာယိမ်း ဝန်ကြီးချုပ် Janez Jansa အား ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ စွဲချက်တင်ရန် လွှတ်တော်သို့ စက်တင်ဘာလ ၉ ရက် အစောပိုင်းတွင် အဆိုပြုခဲ့ကြသည်။ ၎င်းတို့က ဆလိုဗေးနီးယားအနေဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံခြားရေးမူဝါဒမရှိတော့ဘဲ အစ္စရေး၏ အကျိုးစီးပွား အတွက်သာ နိုင်ငံခြားရေးမူဝါဒကို အသုံးပြုနေသည်ဟုဆိုကာ အစ္စရေးအပေါ် Janez Jansa အစိုးရ၏ သဘောထား ရပ်တည်ချက်ကို အကြောင်းပြ၍ ယင်းသို့လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သိမ်းပိုက်ခံထားရသော အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးက အခြေချနေထိုင်သူများအတွက် နေအိမ် အသစ် အလုံးရေ ၁,၂၀၀ ဆောက်လုပ်မည့် အစီအစဉ်အား ရှုတ်ချသည့် ဥရောပသမဂ္ဂ၏ ပူးတွဲကြေညာချက်ကို ဆလိုဗေးနီးယားက ဩဂုတ်လနှောင်းပိုင်းတွင် ပိတ်ပင်တားဆီးခဲ့ဖူးသည်။ ဆလိုဗေးနီးယားနိုင်ငံ၏ ယခင် ဗဟို-လက်ဝဲယိမ်းအစိုးရသည် ၂၀၂၄ ခုနှစ် ဇွန်လတွင် ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုခဲ့ပြီး ပါလက်စတိုင်းလူ့အခွင့်အရေး ချိုးဖောက်မှုများကို အကြောင်းပြကာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု နှင့် ၎င်း၏ ဝန်ကြီးနှစ်ဦးဖြစ်သည့် အမျိုးသားလုံခြုံရေးဝန်ကြီး Itamar Ben-Gvir နှင့် ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich တို့ကို လက်မခံနိုင်သော ပုဂ္ဂိုလ်များအဖြစ် ၂၀၂၅ ခုနှစ်တွင် ကြေညာ ခဲ့သည်။ သို့သော် မတ်လ အထွေထွေရွေးကောက်ပွဲအပြီး ဇွန်လတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သော ဗဟို-လက်ယာ ယိမ်းအစိုးရသစ်ကမူ အစ္စရေးသည် အဖိုးတန်မိတ်ဖက်နိုင်ငံဖြစ်သည်ဟုဆိုကာ ယခင်ကြေညာချက်များကို ပယ်ဖျက်ပြီး အစ္စရေးနှင့်ဆက်ဆံရေးကို တိုးမြှင့်ခဲ့သည်။ “ဒီအစိုးရလက်ထက်မှာ ကျွန်တော်တို့ဟာ ဖယ်ထုတ်ပစ်တာမျိုးမလုပ်ဘဲ ဆွေးနွေးညှိနှိုင်းတာကို ရွေးချယ်ခဲ့ ပါတယ်၊ ဘာလို့လဲဆိုတော့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုတာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အခွင့်အလမ်းသစ်တွေ ဖန်တီး ဖွင့်လှစ်ပေးမှုတွေအပေါ်မှာ အခြေခံတယ်လို့ ကျွန်တော်တို့ ယုံကြည်လို့ပါ”ဟု ဆလိုဗေးနီးယားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Tone Kajzer က အစ္စရေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ကြောင်းသိရသည်။

11 Sep

ADVERTISE HERE .