“ကမ္ဘာတစ်ဝန်းရှိကျောင်းများ တိုက်ခိုက်ခံရမှု ဆက်လက်မြင့်တက်နေကြောင်း UNESCO သတိပေး”
11 Sep
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(UNESCO)က ကမ္ဘာတစ်ဝန်းရှိ စာသင်ကျောင်းများ တိုက်ခိုက်ခံရမှု ဆက်လက်မြင့်တက်နေခြင်းအပေါ် စိုးရိမ်မိကြောင်း၊ နောက်ဆုံးရ ကမ္ဘာ့အချက်အလက်များအရ ၂၀၂၅ ခုနှစ်တွင် ထိုသို့သောတိုက်ခိုက်မှုများ စိုးရိမ်ဖွယ်ရာမြင့်တက်လာခဲ့ကြောင်း စက်တင်ဘာလ ၉ ရက်က ထုတ်ဖော် ပြောကြားခဲ့သည်။ ပညာရေးအပေါ် တိုက်ခိုက်မှုများမှ ကာကွယ်စောင့်ရှောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အထိမ်းအမှတ်အဖြစ် UNESCO ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ၂၀၂၅ ခုနှစ်အတွင်း စာသင်ကျောင်းများအပေါ် တိုက်ခိုက်မှု ၁,၆၈၀ ကြိမ်ကို ကုလသမဂ္ဂက အတည်ပြုနိုင်ခဲ့ရာ ၂၀၂၄ ခုနှစ်က တိုက်ခိုက်မှု ၁,၂၆၅ ကြိမ်နှင့် နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်း ပိုများလာကြောင်း ပြောကြားခဲ့သည်။ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြရမည်ဆိုလျှင် ကမ္ဘာတစ်ဝန်း အကျပ်အတည်းများကြောင့် ကလေးများနှင့် ဆယ်ကျော်သက်အရွယ် စုစုပေါင်းခန့်မှန်းခြေ ၂၅၈ သန်း၏ ပညာသင်ကြားမှုများ အဟန့်အတားဖြစ်ခဲ့ရပြီး ထိုအထဲမှ ၉၃ သန်းမှာ ကျောင်းလုံးဝမတက်နိုင်ကြတော့ကြောင်း UNESCO က ပြောကြားခဲ့သည်။ အကျပ်အတည်းများကြောင့် ကျောင်းမတက်နိုင်သည့် ကလေးများ၏ ၈၀ ရာခိုင်နှုန်းနီးပါး (၇၄ သန်းခန့်) သည် ကမ္ဘာ့အဆိုးရွားဆုံး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော နိုင်ငံ ၂၀ နိုင်ငံတွင် နေထိုင်ကြကြောင်း UNESCO က ထောက်ပြပြောဆိုခဲ့သည်။ ထိုအခြေအနေများတွင် အထိခိုက်လွယ်ဆုံးသူများအတွက် ပညာသင်ယူရန် အတားအဆီး များမှာ ပိုမိုကြီးမားကြောင်းလည်း ယင်းအဖွဲ့က မှတ်ချက်ပြုခဲ့သည်။ ဒုက္ခသည်ကလေး ၇၄ ရာခိုင်နှုန်း၊ ပြည်တွင်း နေရပ်စွန့်ခွာကလေး ၅၂ ရာခိုင်နှုန်းနှင့် မသန်စွမ်းကလေး ၄၅ ရာခိုင်နှုန်းတို့ ကျောင်းမတက်နိုင်ကြကြောင်း သိရသည်။ UNESCO ၏ ညွှန်ကြားရေးမှူးချုပ် Khaled El-Enany က စာသင်ကျောင်းများနှင့် တက္ကသိုလ်များကို အမြဲတမ်းကာကွယ်ပေးရမည်ဟု ပြောကြားခဲ့ပြီး ပဋိပက္ခများတွင်ပါဝင်နေသည့် အဖွဲ့အားလုံးအနေဖြင့် နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာရန်နှင့် အကျပ်အတည်းများကြားတွင်ပင် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ ပညာ ဆက်လက်သင်ကြားနိုင်ဖို့ အာမခံပေးရန် ပြောကြားခဲ့သည်။ ပညာရေးအပေါ် တိုက်ခိုက်မှုများမှ ကာကွယ်စောင့်ရှောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ကို ၂၀၂၀ ပြည့်နှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက တညီတညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ခဲ့ပြီး နှစ်စဉ် စက်တင်ဘာလ ၉ ရက်ကို သတ်မှတ်ထားခြင်းဖြစ်သည်။ (Repost from Xinhua Myanmar)