“ခိုလမ်ကြိုးပြင်ကာကွယ်တောသတ်မှတ်”

10 Sep

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန သည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက်ရှိပြီး ရှမ်းပြည်နယ် နမ့်စန်ခရိုင် နမ့်စန်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၃၀,၇၅၅ ဧကရှိသော နယ်မြေကို “ခိုလမ်ကြိုးပြင်ကာကွယ်တော” အဖြစ် ၂ဝ၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှစ၍ သတ်မှတ်လိုက် ကြောင်း သိရပါတယ်။ အဆိုပါဌာနအနေနဲ့ ရေ၊ မြေ ထိန်းသိမ်းကာကွယ်ရန်၊ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ကာကွယ်ရန်၊ ရာသီဥတုကောင်းမွန်မျှတလာစေရန်၊ သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရေး ပြုစုထိန်းသိမ်းရန်၊ သစ်တောဖုံးလွှမ်းလျက်ရှိပြီး အစိုးရကစီမံခန့်ခွဲခွင့်ရှိသောမြေများတွင် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ် တောများ တိုးချဲ့ဖွဲ့စည်းလာနိုင်ခြင်းဖြင့် သစ်တောနယ်မြေများ တိုးပွားလာစေရန်နှင့် ဒေသခံတိုင်းရင်းသားများ၏ အခြေခံစားဝတ်နေရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကြိုးပြင်ကာကွယ်တောကို သတ်မှတ် ခြင်းဖြစ်ပါတယ်။ ခိုလမ်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းအားဖြင့် ပေါက်ရောက်လျက်ရှိသော အင်ကြင်း၊ ထင်းရှူး၊ သစ်ယား၊ ထောက်ကြံ့၊ ယမနေ၊ သစ်မန်ကျည်း၊ သစ်နီ၊ ရင်းစပ်၊ သစ်စေး၊ ဆီးဖြူ၊ ကြို့၊ ရင်းတိုက်၊ လက်ပံ နှင့် မြင်ဝါး တောများကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဝက်ဝံ၊ ယုန်၊ တောဝက်၊ ချေ၊ တောကြောင်၊ ကြက်တူရွေး၊ ဗျိုင်းငှက်များ၏ နေရင်းဒေသများ ထိန်းသိမ်းခြင်းအားဖြင့် ဂေဟစနစ်ပိုမို ကောင်းမွန်လာစေခြင်း၊ ဒေသခံပြည်သူများ ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုနိုင်ခြင်းနှင့် ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူး များကို ရရှိလာနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

10 Sep

ADVERTISE HERE .