“ပြည်ပသို့ တစ်လတာကာလအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းလေးသောင်းကျော်တင်ပို့ထား”

10 Sep

ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဩဂုတ်လ တစ်လတာကာလအတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ ၅၉ သန်း တန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းလေးသောင်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ အဆိုပါတစ်လတာကာလအတွင်း မြန်မာ့ ဆန်နှင့်ဆန်ကွဲကို ပြည်ပနိုင်ငံများသို့တင်ပို့ရာတွင် ပြည်တွင်းရှိ ပုဂ္ဂလိကပို့ကုန်ကုမ္ပဏီ ၄၈ ခုက ပင်လယ်ရေကြောင်းပို့ဆောင်ရေးမှ အဓိကထားတင်ပို့ခဲ့ခြင်းဖြစ်ပြီး ဆန်တန်ချိန် ၁၂၅,၈၃၀ နှင့် ဆန်ကွဲ ၂၂,၇၁၈ တန်တင်ပို့နိုင်ခဲ့ကာ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၉ သန်း ရရှိခဲ့ပါတယ်။ ပြည်တွင်းမှ ဆန်နှင့်ဆန်ကွဲများကို ပြည်ပသို့ ပုံမှန်တင်ပို့လျက်ရှိပြီး ဩဂုတ်လအတွင်း နိုင်ငံအလိုက် ဆန် တင်ပို့မှုအနေနဲ့ ဖိလစ်ပိုင်နိုင်ငံသို့ ၁၀၆,၅၁၂ တန်ဖြင့် အများဆုံးတင်ပို့နိုင်ခဲ့ကာ တရုတ်၊ ဘယ်လ်ဂျီယံ၊ ပိုလန် နိုင်ငံတို့ အပါအဝင် စုစုပေါင်း ၂၁ နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ပြည်တွင်းမှ ပုဂ္ဂလိကကုမ္ပဏီ ၅၀ ခန့်က တရုတ်၊ ဖိလစ်ပိုင် စတဲ့ အာရှဒေသတွင်းနိုင်ငံများအပြင် ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ စပိန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ ဆန်နှင့်ဆန်ကွဲများကို လစဉ်တင်ပို့လျက်ရှိ ပါတယ်။ လက်ရှိတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲကို ဘဏ္ဍာနှစ်အလိုက် ပိုမိုတင်ပို့နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

10 Sep

ADVERTISE HERE .