“အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ပင်မလေဆိပ်များ ပြန်လည်လည်ပတ်”
08 Sep
အင်ဒိုနီးရှားနိုင်ငံရှိ Anak Krakataur မီးတောင်ပေါက်ကွဲမှုကြောင့် ပေါ်ထွက်လာသော မီးတောင်ပြာများ လွင့်စင်သွားသည်နှင့်အမျှ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ပင်မလေဆိပ် Soekarno-Hatta အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အခြားလေဆိပ် ၄ ခုကို ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ထိုနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန၏ စက်တင်ဘာလ ၈ ရက် သတင်းအရ သိရသည်။ အင်ဒိုနီးရှားနိုင်ငံ ပို့ဆောင်ရေးဝန်ကြီး Dudy Purwagandhi က လေကြောင်းပြောင်းလဲတိုတ်ခတ်မှုကြောင့် Soekarno-Hatta အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် အနီးတစ်ဝိုက် မီးတောင်ပြာများလွင့်စင်သွားကြောင်း၊ လေဆိပ် ပိတ်ထားသည့်ကာလအတွင်း စုစုပေါင်းလေယာဉ် ၁၇၈ စင်း ရပ်တန့်နေခဲ့ရကြောင်း၊ သက်ဆိုင်ရာဌာနအနေဖြင့် အဆိုပါလေယာဉ်များ ပျံသန်းနိုင်ရန် သင့်လျော်မှုရှိ၊ မရှိကို စစ်ဆေးမှုလုပ်ဆောင်ရန် လိုအပ်ဆဲဖြစ်ကြောင်း၊ အချို့သောလေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန် အချိန်တစ်ခု လိုအပ်နိုင်ခြေရှိကြောင်း ထိုနေ့တွင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ အခြေခံအဆောက်အဦနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု စီမံရေးဝန်ကြီးဌာနက စက်တင်ဘာလ ၇ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ယခုအကြိမ် လေဆိပ်ပိတ်ထားမှုကြောင့် စုစုပေါင်းလေကြောင်းခရီးစဉ် ၂,၉၆၁ ခု နှောင့်နှေးမှု၊ အခြားနေရာ၌ဆင်းသက်မှုနှင့် ပယ်ဖျက်မှုဖြစ်ခဲ့ရကာ ခရီးသည်ဦးရေ ၃၄၁,၀၀၀ ခန့် သက်ရောက်မှု ခံခဲ့ရသည်ဟု ဆိုခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဘူမိဗေဒဌာန၏ သတင်းအရ Anak Krakataur မီးတောင်သည် စက်တင်ဘာလ ၄ ရက်မှစ၍ ဆက်တိုက်ပေါက်ကွဲမှုဖြစ်ခဲ့ရာ စက်တင်ဘာလ ၆ ရက်တွင် အတန်အသင့်ကြီးမားသော ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ခဲ့ ကြောင်း၊ စက်တင်ဘာလ ၈ ရက်တွင် ထိုမီးတောင်သည် ပေါက်ကွဲမှု ၃ ကြိမ် ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ Anak Krakataur မီးတောင်သည် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနှင့် ဆူမားတြားကျွန်းအကြား Sunda ရေလက်ကြားတွင်တည်ရှိသည့် မီးတောင်ရှင်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် Anak Krakataur မီးတောင်ပေါက်ကွဲ မှုကြောင့် ဆူနာမီဖြစ်ပွားခဲ့ပြီး လူ ၄၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)