“ယူအက်စ်အိုးပင်းမှာ ကွာတားအဆင့်တက်ရောက်နိုင်ခဲ့တဲ့ အယ်ကာရက်ဇ်”
08 Sep
အခုနှစ်ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ကာကွယ်ရမယ့် စပိန်တင်းနစ်သမား အယ်ကာရက်ဇ် ဟာ ၁၆ ဦးအဆင့်ပွဲမှာ အနိုင်ရပြီးနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ စက်တင်ဘာလ ၆ ရက်ညက ကစားခဲ့တဲ့ ၁၆ ဦးအဆင့်ပွဲမှာ အယ်ကာရက်ဇ်က အမေရိကန်တင်းနစ်သမား တွမ်မီပေါလ်နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ အိမ်ရှင်အမေရိကန် ပရိသတ်တွေရဲ့ အားပေးမှုအပြည့်ရထားတဲ့ တွမ်မီပေါလ် နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲက အယ်ကာရက်ဇ်အတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်လာနိုင်တယ်လို့ သုံးသပ်ခဲ့ကြ ပေမယ့် ပွဲကစားချိန် ၂ နာရီနဲ့ ၂၁ မိနစ်သာ ကြာမြင့်ခဲ့ပြီးနောက် အယ်ကာရက်ဇ် က ၆း၄၊ ၆း၃၊ ၆း၄ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ အယ်ကာရက်ဇ်ဟာ ညာဘက်လက်ကောက်ဝတ်ဒဏ်ရာကြောင့် ၄ လကြာ အနားယူခဲ့ရပြီးနောက် ယူအက်စ် အိုးပင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်မှာ နောက်ထပ်အမေရိကန်နိုင်ငံသား တစ်ဦးဖြစ်တဲ့ ရှယ်လ်တန် နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ (NVS 008)