ပြင်သစ်၌ ဇူလိုင်လကုန်ပိုင်းအထိ အပူဒဏ်နှင့်ဆက်စပ်၍ သေဆုံးသူ ၇,၀၀၀ ဝန်းကျင်အထိရှိ
06 Sep
ယခုနှစ်နွေရာသီအတွင်း ပြင်သစ်နိုင်ငံ၌ စံချိန်တင်အပူချိန်မြင့်တက်မှုနှင့်ကြုံတွေ့ခဲ့ရပြီး အပူဒဏ်နှင့် ဆက်စပ်၍ သေဆုံးသူအရေအတွက်မှာ ဇူလိုင်လကုန်ပိုင်းအထိ လူပေါင်း ၇,၀၀၀ ဝန်းကျင်ရှိသည်ဟု ပြင်သစ် ကျန်းမာရေးဝန်ကြီးက ပြောသည်။ အဓိကအားဖြင့် နိုင်ငံတောင်ပိုင်းဒေသများတွင် အပူချိန် ဆက်လက်ပြင်းထန် လျက် ရှိသည်။ ယခုသီတင်းပတ်အတွင်း အပူချိန်ဆက်လက်မြင့်မားနေဦးမည်ဖြစ်ပြီး အပူချိန်မှာ ၃၇ ဒီဂရီ ဆဲလ် စီးယပ်မှ ၄၀ ဒီဂရီဆဲလ်စီးယပ်အထိရှိမည်ဟု မိုးလေဝသဌာန၏တာဝန်ရှိသူများက ခန့်မှန်းထားသည်။ သေဆုံးသူ အများစုမှာ မြို့ကြီးများတွင် တစ်ဦးတည်းနေထိုင်ကြသူများဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး စတက်ဖနီရစ်က စက်တင်ဘာလ ၄ ရက်တွင် ပြောသည်။ ဇွန်လနှင့်ဩဂုတ်လအတွင်း ပျမ်းမျှအပူချိန်မှာ ပုံမှန်ထက် ၃ ဒသမ ၆ ဒီဂရီပိုမိုမြင့်မားပြီး ၁၉၀၀ ပြည့်နှစ်မှ စတင်၍ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ကြောင်း ပြင်သစ်မိုးလေဝသအရာရှိများက စက်တင်ဘာလ ၃ ရက်တွင် ပြော သည်။ ပြင်သစ်နိုင်ငံအပါအဝင် ဥရောပရှိ နေအိမ်များနှင့်ဆေးရုံများတွင် လေအေးပေးစက်များ တပ်ဆင်ထားခြင်း မရှိကြောင်း NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။