“ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့ရှိ အကြီးဆုံးသော အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် ဗလာဒီဗော့စတော့ ကုန်သွယ်ရေးဆိပ်ကမ်းတို့အား လှည့်လည်ကြည့်ရှု”
05 Sep
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတဦးညိုစောသည် ခရီးစဉ်အတွင်း အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့်အတူ စက်တင်ဘာလ ၄ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဗလာဒီဗော့စတော့မြို့ရှိ အကြီးဆုံးသော အပူစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံနှင့် ဗလာဒီဗော့စတော့ ကုန်သွယ်ရေးဆိပ်ကမ်းတို့ကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ ဒုတိယသမ္မတက ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ ဗလာဒီဗော့စတော့မြို့ရှိ မြို့တော်အတွက် လျှပ်စစ်ဓာတ်အားနှင့် အပူပေးရေးအတွက် အရေးပါသည့် အကြီးဆုံးသော အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ "JSC" Far Eastern Generating Company ၏ "Vladivostok CHP-2" ဖွဲ့စည်းပုံဆိုင်ရာဌာနခွဲ ဒါရိုက်တာနှင့် Primorsky Krai ၏ စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ထောက်ပံ့ရေးဆိုင်ရာ ဒုတိယဝန်ကြီးတို့က ကြိုဆိုနှုတ်ဆက်ကြပြီး စက်ရုံအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုနှင့် လျှပ်စစ်ဓာတ်အားထိန်းချုပ် ဖြန့်ဖြူး ပေးနေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ကြပါတယ်။ ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့တို့က ဗလာဒီဗော့စတော့ ကုန်သွယ်ရေးဆိပ်ကမ်းသို့ရောက်ရှိရာ Executive director of Commercial Port of Vladivostok နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဆိပ်ကမ်း၌ ခေတ်မီစက်ယန္တရားများဖြင့် ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်း သိရပါတယ်။ (NVS 008)