“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟနွိုင်းမြို့ရှိ Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီနှင့် Viettel ဆက်သွယ်ရေးကုမ္ပဏီတို့သို့ သွားရောက်လေ့လာ”

05 Sep

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်း နှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၄ ရက် မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီနှင့် Viettel ဆက်သွယ်ရေးကုမ္ပဏီတို့သို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတက ဟနွိုင်းမြို့မှ Hai Phong မြို့သို့ အထူးမော်တော်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ၏ လမ်းပန်းဆက်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများနှင့် စနစ်တကျတည်ဆောက်ထိန်းသိမ်း ထားရှိမှုများ၊ လမ်းဘေးဝဲ/ယာတစ်လျှောက်ရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မြို့ပြနှင့်ကျေးလက်လူနေထိုင်ရာ နေရာ များကို အချိုးကျကျဖြင့် စနစ်တကျ မြေအသုံးချထားရှိမှုများ၊ စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများအား ကုန်ထုတ်လမ်းများဖောက်လုပ်၍ စနစ်တကျအကောင်အထည်ဖော် တည်ဆောက်ထားရှိမှုများကို လေ့လာကြည့်ရှု ခဲ့ပါတယ်။ Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီသို့ ရောက်ရှိရာ ဗီယက်နမ်နိုင်ငံ၏ အကြီးစားစီးပွားရေး လုပ်ငန်းစု Vingroup ၏ ဒုတိယဥက္ကဋ္ဌ Madam DUONG THI HOAN(ဇူဝမ်-ထိ-ဟွန်)၊ Vinfast ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.PHAM NHAT QUAN ANH(ဖန်-ညက်-ကွမ်-အိုင်း)နှင့် တာဝန်ရှိသူများက လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ ယင်းနောက် ကုမ္ပဏီအစည်းအဝေးခန်းမတွင် Vinfast ကုမ္ပဏီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်တို့က စက်ရုံဆိုင်ရာ သမိုင်းကြောင်းများ၊ စက်ရုံမှ ထုတ်လုပ်လျက်ရှိသည့် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ၊ ပြည်တွင်းပြည်ပဈေးကွက်သို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီဆိုင်ရာများနှင့် ပတ်သက်သည့် Video Clip ကို ကြည့်ရှုခဲ့ပါတယ်။ ထို့နောက် Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုကာ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပါတယ်။ Vinfast မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံတွင် စက်ရုံနှစ်ရုံ၊ အင်ဒိုနီးရှားနိုင်ငံတွင် စက်ရုံတစ်ရုံနှင့် အိန္ဒိယနိုင်ငံတို့တွင် စက်ရုံတစ်ရုံတို့ဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ လည်ပတ်လျက်ရှိကာ နိုင်ငံတကာ ဈေးကွက်များသို့လည်း တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)

05 Sep

ADVERTISE HERE .