“အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲအတွက် မဲခွဲမှုအပြီး မြန်မာနိုင်ငံကိုယ်စားပြု ဧရာဝတီအသင်း အုပ်စု(A)တွင်ကျရောက်”
04 Sep
အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် မဲခွဲမှုကို စက်တင်ဘာလ ၃ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့၌ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ကလပ်အသင်းဖြစ်သည့် ဧရာဝတီအသင်းက အုပ်စု(A)တွင် ကျရောက် ခဲ့ကြောင်းသိရပါတယ်။ ဧရာဝတီအသင်းအနေနဲ့ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲအဆင့်ကို ပြီးခဲ့တဲ့ လအတွင်း ဝင်ရောက် ကစားခဲ့ရာ အုပ်စုပထမနေရာတွင် ရပ်တည်ခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ အာရှအမျိုးသမီး ချန်ပီယံလိဂ် ပြိုင်ပွဲအတွက် မဲခွဲမှုအပြီး အုပ်စု(A)တွင် ဧရာဝတီအသင်းနှင့်အတူ လက်ရှိချန်ပီယံ မြောက်ကိုရီးယားကလပ် Naegohyang FC အသင်း၊ ဂျပန်ကလပ် INAC Kobe Leonessa အသင်း၊ အီရန်ကလပ် Bam Khatoon FC အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ကို ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် လေးသင်းပါ သုံးအုပ်စု ကျင်းပမည်ဖြစ်ပြီး ဧရာဝတီအသင်းပါဝင်သည့် အုပ်စု(A)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပကာ အုပ်စု(B)ကို အိန္ဒိယနိုင်ငံ၊ အုပ်စု(C)ကို ဥဇဘက်ကစ္စတန်နိုင်ငံတို့က အိမ်ရှင်အဖြစ်ကျင်းပမှာဖြစ်ပါတယ်။ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို လာမည့်နိုဝင်ဘာလအတွင်း ကျင်းပမည်ဖြစ်ရာ အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စုပထမနှင့် ဒုတိယနေရာရရှိသည့် အသင်းခြောက်သင်းနှင့် အကောင်းဆုံးအုပ်စု တတိယနေရာတွင် ရပ်တည်နိုင်မည့် အသင်းနှစ်သင်း စုစုပေါင်းရှစ်သင်းက ကွာတားဖိုင်နယ်အဆင့်သို့ တက် ရောက်နိုင်မှာဖြစ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်ကို ၂၀၂၇ ခုနှစ် မတ်လ၊ ဆီမီးဖိုင်နယ်အဆင့်နှင့် ဗိုလ်လုပွဲအဆင့်ကို မေလတို့တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။(NVS 008)