“စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း (SMVTI) တွင် သင်တန်းသား ၃၂၀ ခေါ်ယူမည်”

04 Sep

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း(SMVTI)တွင် Engineering & Technology နှင့် Hospitality & Tourism သင်တန်းများအတွက် သင်တန်းသားသစ် စုစုပေါင်း ၃၂၀ ဦး ခေါ်ယူနေကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရပါတယ်။ အဆိုပါသင်တန်းများကို လက်တွေ့ကျွမ်းကျင်မှုရှိသည့် လူငယ်များမွေးထုတ်ပေးရန်ရည်ရွယ်၍ ခေတ်မီ Lab ပစ္စည်းများအသုံးပြုကာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်ပါတယ်။ ဖွင့်လှစ်မည့် သင်တန်းများမှာ Engineering & Technology ဘာသာရပ်တွင် Electrical Technology၊ Electronics(Computer & Networking)၊ Residential Air-Conditioning၊ Mechatronics (Basic Servicing) နှင့် General Welding သင်တန်းများ ပါဝင်ကာ Hospitality & Tourism ဘာသာရပ်တွင် Front Office Operations၊ Housekeeping Operations နှင့် Restaurant Operations သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းကာလမှာ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၂ ရက်မှ ၂၀၂၇ ခုနှစ် ဧပြီလ ၂ ရက်အထိ ၆ လကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အသိအမှတ်ပြု Certificate ချီးမြှင့်ပေးမှာဖြစ်ပါတယ်။ လျှောက်ထားသူများအနေနဲ့ အသက် ၁၇ နှစ်ပြည့်ပြီးသူ၊ အခြေခံပညာအထက်တန်းအဆင့်၊ စနစ်သစ် Grade-12၊ GTHS သို့မဟုတ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ဖူးသူ သို့မဟုတ် အောင်မြင်သူများ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ လျှောက်လွှာများကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂ ရက်မှ အောက်တိုဘာလ ၂ ရက်အထိ (အစိုးရရုံးပိတ်ရက် များမှအပ) နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအတွင်း စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်း၊ အမှတ်(၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် လူကိုယ်တိုင်လျှောက်ထားနိုင်ပြီး အသေးစိတ်ကို ဖုန်း ၀၉-၇၈၁၀၀၂၅၇၂ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။(NVS 004)

04 Sep

ADVERTISE HERE .