“ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ကျပ်ဘီလီယံ ၄၀ ကျော် ကုန်ကျနိုင်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ပြောကြား”

04 Sep

ချင်းပြည်နယ် ဖလမ်းနှင့် တွန်းဇံမြို့များကို ၂၀၂၆ ခုနှစ် မေလအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို နိုင်ငံတော်၏ အထူးလုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်နေပြီး ဌာနဆိုင်ရာနှင့် အများပြည်သူဆိုင်ရာ ပြန်လည် ထူထောင်ရေးအတွက် ကျပ်ဘီလီယံ ၄၀ ကျော် ကုန်ကျနိုင်ကြောင်း စက်တင်ဘာလ ၂ ရက်တွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် က ပြောကြားခဲ့ပါတယ်။ လက်ရှိတွင် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဖလမ်းမြို့တွင် ၃၀ ရာခိုင်နှုန်း၊ တီးတိန်မြို့တွင် ၆၁ ရာခိုင်နှုန်းနှင့် တွန်းဇံမြို့တွင် ၄၆ ရာခိုင်နှုန်း အသီးသီး ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင် က အဆိုပါအစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။ အဆိုပါ မြို့ ၃ မြို့ရှိ ဆက်သွယ်ရေးစခန်းများအတွက် ဆက်သွယ်ရေးပစ္စည်းများနှင့် ပြည်သူ့ဆေးရုံများ အတွက် ဓာတ်မှန်စက်များ ကလေးမြို့သို့ ရောက်ရှိနေပြီဖြစ်လို့ သက်ဆိုင်ရာမြို့များသို့ ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။(NVS 004)

04 Sep

ADVERTISE HERE .