“လယ်ယာကဏ္ဍ စက်သုံးဆီလိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဖြည့်တင်းနိုင်ရေး MoA လက်မှတ်ရေးထိုး”
04 Sep
လယ်ယာကဏ္ဍ စက်သုံးဆီလိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဖြည့်တင်းနိုင်ရေးအတွက် Memorandum of Agreement (MoA) လက်မှတ်ရေးထိုးခြင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) ဗဟိုအလုပ်အမှုဆောင် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးတွင် ဆန်ပြည်ပတင်ပို့မှုမြှင့်တင်ရေး၊ အသင်းချုပ်၏ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ရှေ့လုပ်ငန်းစဉ် များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဆန်စပါးစိုက်ပျိုးခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်းနှင့် ပြည်တွင်းပြည်ပ ဈေးကွက်များသို့ တင်ပို့ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် လိုအပ်သည့်စက်သုံးဆီများကို အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်း ပေးနိုင်ရန် MRF အသင်းဝင်ကုမ္ပဏီ ၄၁ ခုနှင့် DENKO Trading Co.,Ltd. တို့အကြား Memorandum of Agreement (MoA) လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၎င်း MoA အရ ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုသည့် ကောက်စိုက်စက်၊ လယ်ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်၊ ရေစုပ်စက်များနှင့် လယ်ယာလုပ်ငန်းသုံးယာဉ်များအတွက် စက်သုံးဆီလိုအပ်ချက်များ ဖြစ်ပေါ်လာပါက DENKO Trading Co., Ltd. အနေဖြင့် လွယ်ကူလျင်မြန်စွာ ဖြည့်တင်းပေးနိုင်ရန် ရည်ရွယ်ထား ရှိပါတယ်။ ဆန်စက်များ၊ အခြောက်ခံစက်များနှင့် စပါး၊ ဆန်အခြေခံ စက်မှုကုန်ထုတ်လုပ်ငန်းများတွင် အသုံးပြုသည့် မီးစက်များအတွက် လိုအပ်သည့် စက်သုံးဆီပမာဏများကိုစိစစ်၍ သင့်တင့်မျှတသောပမာဏဖြင့် အချိန်နှင့် တစ်ပြေးညီ ဖြည့်တင်းပေးနိုင်ရန် ဆောင်ရွက်ထားရှိကြောင်း သိရပါတယ်။ ထို့အတူ ဆန်စပါးပြည်ပတင်ပို့သည့် ကုမ္ပဏီများ၊ သိုလှောင်ရုံများနှင့် ဆန်ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီများ အတွက် လိုအပ်သည့်ဒီဇယ်ဆီများကိုလည်း လိုအပ်ချက်အပေါ်မူတည်၍ စိစစ်ဖြည့်တင်းပေးသွားမှာ ဖြစ်ပါတယ်။ ဆက်လက်ပြီး DENKO Trading Co., Ltd က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုရန် ငွေကျပ်သိန်း ၅၀၀ ထည့်ဝင်လှူဒါန်းခဲ့ရာ ရေကြီးရေလွှမ်းမှုဖြစ်ပွားခဲ့သည့် ဒေသများ ပြန်လည်ထူထောင်ရေးနှင့် မျိုးစေ့ပံ့ပိုးသည့်လုပ်ငန်းများတွင် ထပ်မံဖြည့်စွက်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)