“ဒေသတွင်းလုံခြုံရေး အခင်းအကျင်းကိုပြုပြင်ရန် အရှေ့အလယ်ပိုင်းနိုင်ငံများကို တရုတ်သမ္မတတိုက်တွန်း”
04 Sep
ပြည်ပကြားဝင်စွက်ဖက်မှုများကို ဆန့်ကျင်ကြရန်နှင့် ဒေသတွင်းလုံခြုံရေး အခင်းအကျင်းကို ပြန်လည် ပြင်ဆင်ပြောင်းလဲရန် တရုတ်သမ္မတ ရှီကျင့်ဖျင် က စက်တင်ဘာလ ၂ ရက်တွင် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများကို တိုက်တွန်းပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ အီဂျစ်သမ္မတ အယ်လ်စီစီ နှင့် တွေ့ဆုံဆွေးနွေးစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင် က အရှေ့အလယ်ပိုင်းဒေသနိုင်ငံများကို ထိုသို့တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးတွင် အရေးကြီး သည့် ကုန်သွယ်ရေးလမ်းကြောင်းများကို ကာကွယ်ရန် အရှေ့အလယ်ပိုင်း ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံအနေဖြင့် အသင့်ရှိကြောင်း အီဂျစ်သမ္မတ အယ်လ်စီစီ နှင့်တွေ့ဆုံစဉ် သမ္မတ ရှီကျင့်ဖျင် က ပြောကြားခဲ့သည်။ ကိုင်ရို ထိပ်သီးဆွေးနွေးပွဲတွင် တရုတ်နှင့် အီဂျစ်နိုင်ငံတို့အနေဖြင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ အကြမ်းဖက်ဝါဒ တိုက်ခိုက်ရေးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ရန် တရုတ်သမ္မတနှင့် အီဂျစ်သမ္မတ တို့က သဘောတူခဲ့သည်ဟု တရုတ်အစိုးရမီဒီယာများက သတင်းထုတ်ပြန်ထားကြောင်းသိရသည်။