“ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ် နှင့် တွေ့ဆုံဆွေးနွေး”

03 Sep

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင်ကျင်းပမည့် (၁၁)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် သို့တက်ရောက်ရန် ဗလာဒီဗော့စတော့မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစော သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ် နှင့် စက်တင်ဘာလ ၁ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ဗလာဒီဗော့စတော့မြို့၌တွေ့ဆုံပြီး မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ရပါတယ်။ ဒုတိယသမ္မတ ဦးညိုစော နှင့် ရုရှားနိုင်ငံဒုတိယဝန်ကြီးချုပ်တို့က ရုရှားနှင့် မြန်မာနိုင်ငံအကြား ရဟတ်ယာဉ် ထုတ်လုပ်ရေး၊ ရထားလမ်းနည်းပညာအသုံးပြုရေး၊ ငါးလုပ်ငန်း၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ထောက်ပံ့ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း စသည့်ကဏ္ဍများကို ဆွေးနွေးခဲ့တဲ့အပြင် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးများ ခိုင်မာအားကောင်းစေရေး ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။ ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးရာတွင် အရှေ့ဖျားဒေသ(Far East)သည် အလျင်မြန်ဆုံး ဖွံ့ဖြိုး တိုးတက်နေသော ဒေသဖြစ်ပြီး ရုရှားနိုင်ငံ၏ နယ်မြေဧရိယာစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် က အရှေ့ဖျားဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ၂၁ ရာစု တစ်လျှောက်လုံးအတွက် နိုင်ငံအဆင့် ဦးစားပေးကိစ္စရပ်တစ်ခုအဖြစ် သတ်မှတ်ထားရှိကြောင်း၊ ရုရှားအစိုးရအနေဖြင့် သမ္မတချမှတ်ထားသော လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီးပွားရေးလုပ်ငန်းများ တည်ဆောက်ခြင်း၊ မြို့ပြအခြေခံအဆောက်အအုံများ ခေတ်မီအောင်ပြုလုပ်ခြင်းနှင့် ဒေသခံပြည်သူများအတွက် အကောင်းဆုံးသော အခြေအနေများကို ဖန်တီးပေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။ ဒုတိယသမ္မတ ဦးညိုစော က ပြန်လည်ဆွေးနွေးရာတွင် (၁၁)ကြိမ်မြောက် အရှေ့ပိုင်းစီးပွားရေးဖိုရမ်သို့ ဖိတ်ကြားခံရမှုနှင့် နွေးထွေးစွာကြိုဆိုဧည့်ခံမှုတို့အတွက် ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတော်ခေါင်းဆောင်အနေဖြင့် လည်း ယခုဖိုရမ်ကို အလွန်အရေးပါသည်ဟု သတ်မှတ်ထားရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဒုတိယသမ္မတက အရှေ့ပိုင်းစီးပွားရေးဖိုရမ်သည် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများသာမက ကမ္ဘာ့နိုင်ငံရေးကိစ္စရပ်များကိုပါ ဆွေးနွေးတိုင်ပင်ရာ စင်္ကြံတစ်ခုဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် စိတ်အားထက်သန်လျက်ရှိရာ ရုရှားနိုင်ငံ၏ အရှေ့ဖျားဒေသ(Far East)သည် ယခုကိစ္စရပ်အတွက် သင့်လျော်ကောင်းမွန်သော စင်္ကြံတစ်ခုဖြစ်လာနိုင်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်၊ မြန်မာသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။(NVS 008)

03 Sep

ADVERTISE HERE .