“ရန်ကုန်-ဒဂုံတက္ကသိုလ် ရထားခရီးစဉ် ဘတ်ထရီရထားစက်ခေါင်းဖြင့် စတင်ပြေးဆွဲ”

03 Sep

ဒဂုံတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများနှင့် ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေ ချောမွေ့ စေရန်အတွက် ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ် ရထားခရီးစဉ်ကို စက်တင်ဘာလ ၁ ရက်မှစ၍ မြန်မာ့ မီးရထားက စတင်ပြေးဆွဲပေးနေပြီဖြစ်ပါတယ်။ အဆိုပါရထားခရီးစဉ်မှာ ဘက်ထရီရထားစက်ခေါင်းနှင့်အတူ ခရီးသည် ၆၂ ဦးစီ လိုက်ပါနိုင်သော ရိုးရိုးတန်းတွဲ ၆ တွဲ ပါဝင်ပါတယ်။ ရန်ကုန်မှ ဒဂုံတက္ကသိုလ်သို့ ပြေးဆွဲမည့် အဆန်ရထားများမှာ ည-၁၊ ည-၃၊ ည-၅၊ ည-၇၊ ည-၉ နှင့် ည-၁၁ တို့ဖြစ်ပြီး ဒဂုံတက္ကသိုလ်မှ တိုးကြောင်ကလေးမှတစ်ဆင့် ရန်ကုန်သို့ ပြေးဆွဲမည့် အစုန်ရထားများမှာ ည-၂၊ ည-၄၊ ည-၆၊ ည-၈၊ ည-၁၀ နှင့် ည-၁၂ ဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ချိန်မှာ နံနက် ၈ နာရီဖြစ်လို့ ည-၁ အဆန် ရထားက ရန်ကုန်ဘူတာမှ နံနက် ၆ နာရီ ၁၅ မိနစ်မှာထွက်ခွာပြီး ဒဂုံတက္ကသိုလ်ဘူတာသို့ နံနက် ၇ နာရီခွဲမှာ ရောက်ရှိမည် ဖြစ်ပါတယ်။ အလားတူ ကျောင်းဆင်းချိန်ဖြစ်သည့် မွန်းလွဲ ၃ နာရီတွင် ဒဂုံတက္ကသိုလ်မှ ပြန်လည်ထွက်ခွာနိုင်ရန် ည-၁၀ အစုန်ရထားသည် ဒဂုံတက္ကသိုလ်ဘူတာမှ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်ဘူတာသို့ ညနေ ၄ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမှာဖြစ်ပါတယ်။ ခရီးစဉ်အတွင်း ပုဇွန်တောင်၊ မလွှကုန်း၊ နှင်းဆီကုန်း၊ သင်္ဃန်းကျွန်း၊ ငမိုးရိပ်နှင့် တိုးကြောင်ကလေး ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး မည်သည့်ဘူတာအထိ စီးနင်းသည်ဖြစ်စေ လက်မှတ်ခ ကျပ် ၅၀၀ မျှသာ ကျသင့်မှာဖြစ်ပါတယ်။ ခရီးသည်နှင့် ကျောင်းသား၊ ကျောင်းသူ စီးနင်းမှု များပြားလာပါက ရထားအကြိမ်ရေ ထပ်မံတိုးမြှင့်ပြေးဆွဲပေးသွားရန်လည်း အစီအစဉ်ရှိကြောင်း သိရပါတယ်။ (NVS 008)

03 Sep

ADVERTISE HERE .