“ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ထိန်းချုပ်နိုင်ပြီဖြစ်”

03 Sep

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ၁၈ ရက်အကြာမှာ အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကုသရတဲ့ လူနာဦးရေ သိသိသာသာလျော့နည်းသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရပါတယ်။ အဆိုပါ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါက ဩဂုတ်လ ၁၀ ရက်ခန့်မှစတင်၍ ပြည်သူလူထုအတွင်း ဖြစ်ပွားမှု များပြားလာခဲ့ခြင်းဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုများပြားလာချိန်မှာ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအောက်ရှိ ဝန်ထမ်းများ၊ ခရိုင်အသီးသီးမှ ဝန်ထမ်းများနှင့် နေပြည်တော်မှ ကူညီပံ့ပိုးမှုများဖြင့် လျင်မြန်တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့(Rapid Response Team – RRT) အဖြစ် စုဖွဲ့ကာ မြေပြင်ကွင်းဆင်း၍ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြပါတယ်။ ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အလိုက် ရောဂါဖြစ်ပွားမှုများတဲ့ လမ်း၊ ရပ်ကွက်များနှင့် အိမ်ထောင်စုများထံ အိမ်တက်/ဆင်းကွင်းဆင်းကာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၂၈ ရက်မှာ ရောဂါဖြစ်ပွားမှုကို ကောင်းမွန်စွာထိန်းချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒုတိယအဆင့်အနေဖြင့် ကုသရေးဦးစီးဌာနအောက်ရှိ ဆေးရုံများမှ သူနာပြုများနှင့် RRT အဖွဲ့ဝင် ၈၀ ခန့်ဖြင့် ကူညီကုသမှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး ဆေးဘက်နှီးနွှယ်အဖွဲ့များ၊ မြို့နယ်အလိုက် RRT အဖွဲ့များကိုလည်း အဆင်သင့်ပြင်ဆင်ထားရှိကာ ရောဂါကာကွယ်စောင့်ရှောက်မှုများကို ဖိဖိစီးစီးဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါက အလွယ်တကူကူးစက်နိုင်ပြီး အချိန်မီမကုသပါက အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် မိုးရာသီကာလအတွင်း ရောဂါလက္ခဏာဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံ၊ ဆေးခန်းများသို့ ချက်ချင်းသွားရောက်၍ ထိရောက်တဲ့ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားပါတယ်။ (NVS 008)

03 Sep

ADVERTISE HERE .