“ပေါင်းလောင်းရေလှောင်တမံ အောက်ဘက်ရှိဒေသများ ဘေးကင်းလုံခြုံမှုနှင့် ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်မရှိ”

02 Sep

ပေါင်းလောင်းရေလှောင်တမံ အောက်ဘက်ရှိဒေသများ ဘေးကင်းလုံခြုံမှုနှင့် ရေကြီးရေလျှံမှုစိုးရိမ်ဖွယ် မရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားရှိပါတယ်။ အောက်ပေါင်းလောင်းရေလှောင်တမံသည် လက်ရှိတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam(HED) ၁၀ ရွက် ဖွင့်ထားပြီး စီးဝင်ရေနှင့်သိုလှောင်ရေကို ဟန်ချက်ညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသလို ပေါင်းလောင်းရေလွှဲဆည်(အဝေရာရေလွှဲဆည်)မှတစ်ဆင့် ရေလမ်းကြောင်းထိန်းညှိ ဆောင်ရွက်နေခြင်းကြောင့် ရေဝေရေလဲဒေသနှင့် စစ်တောင်းမြစ်တစ်လျှောက်တွင် ထူးကဲသည့် မိုးသည်းထန်စွာရွာသွန်းမှုမရှိပါက ရေကြီး ရေလျှံမှုဖြစ်ပေါ်ရန် မရှိကြောင်းသိရပါတယ်။ ဒါ့အပြင် ရေလှောင်တမံတွင် မူလကန်ရေပြည့် ရေလှောင်ပမာဏ ၅ ဒသမ ၄၉ သိန်း ဧကပေရှိပြီး ရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြင့် ရေတံခါး Hydraulic Elevator Dam(HED)ရေတံခါးရွက်၂၀ တပ်ဆင်၍ ရေလှောင်ပမာဏ ဧကပေ ၂၁,၀၀၀ ခန့် ပိုမိုသိုလှောင်နိုင်ခြင်းကြောင့် နှစ်စဉ်ရေအားလျှပ်စစ်ယူနစ်ရှစ်သန်း ပိုမိုထုတ်လုပ်ကာ စုစုပေါင်းရေအားလျှပ်စစ်ယူနစ် ၉၁၉ သန်း ထုတ်လုပ်လျက်ရှိပါတယ်။ စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင် က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အောက်ပေါင်းလောင်းရေလှောင်တမံသို့ သွားရောက်၍ တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပိုလွှဲမှ ရေကျော်စီးဆင်းမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား တမံလုံခြုံရေးနှင့် တမံဘေးကင်းလုံခြုံမှုအချက်ပြ အလံလွှင့်ထူမှုစနစ်ဆိုင်ရာများကို ဆွေးနွေးမှာကြား ခဲ့ပါတယ်။ အောက်ပေါင်းလောင်းရေလှောင် တမံအနေဖြင့် တည်ဆောက်အသုံးပြုခဲ့သည့် ၂၁ နှစ်တာကာလအတွင်း ရေပိုလွှဲမှ ၁၈ ကြိမ် ရေကျော်စီးဆင်းခဲ့ခြင်း၊ ၂၀၂၄ ခုနှစ်တွင် ရာဂမုန်တိုင်းအရှိန်ကြောင့် ရေပိုလွှဲမှ အမြင့် ၁၁ ပေကျော် အထိ ရေကျော်စီးဆင်းခဲ့ခြင်းစသည့် ဒေသတွင်း ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့ရသော်လည်း လက်ရှိအခြေအနေအရ ဒေသ၏ ဘေးကင်းလုံခြုံမှုနှင့် ရေကြီးရေလျှံမှုအတွက် စိုးရိမ်ဖွယ်မရှိကြောင်းနှင့် ရေသိုလှောင်ပမာဏများပြားသော တမံများ၏အခြေအနေအား သက်ဆိုင်ရာဒေသအသီးသီးရှိ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက လူမှုမီဒီယာများမှ အချိန်နှင့်တစ်ပြေးညီ အသိပေးလျက်ရှိကြောင်း ထုတ်ပြန်ထားရှိပါတယ်။(NVS 008)

02 Sep

ADVERTISE HERE .