“မြောက်ကိုရီးယားနှင့် အမေရိကန်တို့ ထိပ်သီးဆွေးနွေးပွဲ အချိန်မရွေးကျင်းပနိုင်ကြောင်း တောင်ကိုရီးယား ပြောကြား”

02 Sep

အမေရိကန်နှင့် မြောက်ကိုရီးယားနိုင်ငံတို့ကြား ထိပ်သီးဆွေးနွေးပွဲမှာ အချိန်မရွေးကျင်းပနိုင်ခြေရှိကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ၏ အဆိုကိုကိုးကား၍ တောင်ကိုရီးယားလွှတ်တော်အမတ်တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နှင့် ယခုနှစ်ကုန်ပိုင်းတွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဩဂုတ်လအတွင်း ပြောကြားထားသည်။ သမ္မတ ဒေါ်နယ်ထရမ့် ၏ ပြော ကြားချက်နှင့်ပတ်သက်၍ နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲမှာ ဖြစ်လာနိုင်ခြေမရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။ သို့ရာတွင် တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ရရှိထားသည့် အချက်အလက်များအရ မြောက်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ကြား ထိပ်သီးဆွေးနွေးပွဲမှာ အချိန်မရွေးကျင်းပနိုင်ခြေရှိကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ် ယွန်ကန်ယန်း က သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့် သည် အမေရိကန်သမ္မတရာထူးကို ပထမအကြိမ်ရယူခဲ့စဉ်က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် နှင့် သုံးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း သိရသည်။

02 Sep

ADVERTISE HERE .