“ဂျော်ဒန်နိုင်ငံရှိ အမေရိကန်ပစ်မှတ်များအား တိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ပြောကြား”

01 Sep

ဂျော်ဒန်နိုင်ငံရှိ အမေရိကန်ပစ်မှတ်များကို ဒရုန်းယာဉ်များ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ အာကာသတပ်ဖွဲ့က ဩဂုတ်လ ၃၁ ရက်တွင် ပြောကြားသည်။ ယခုတိုက်ခိုက်မှုသည် အီရန်နိုင်ငံတောင်ပိုင်း ဟော်မိုဂန်ပြည်နယ် လာရတ်ကျွန်းအား အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များက လေကြောင်းမှတိုက်ခိုက်မှုကို တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အီရန်တော်လှန်ရေး သတင်းဌာနဖြစ်သည့် ဆီပါးသတင်းဌာနမှ ထုတ်ပြန်သည့် သတင်းအရ သိရသည်။ အဆိုပါတိုက်ခိုက်မှုတွင် ဘုရင်ဟူစိန်လေတပ်စခန်းနှင့် အယ်လ်အဇီရတ်လေတပ်စခန်းများရှိ စက်မှုနှင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံအဆောက်အအုံများအပါအဝင် လေယာဉ်ရုံများပါ ထိခိုက်ခဲ့ကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုသည် ရန်လိုသူများအား အပြစ်ပေးခြင်းဖြစ်ပြီး ရန်သူများအနေဖြင့် ရန်လိုခြင်းနှင့် မှုခင်းများ ကျူးလွန်ခြင်းဖြင့် အီရန်၏ ဟော်မုဇ်ရေလက်ကြားကို ထိန်းသိမ်းဆောင်ရွက်၍ မရကြောင်း ပြသခြင်းဖြစ်သည်ဟု အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကပြောကြား သည်။ ရန်သူများအနေဖြင့် စစ်ရေးလှုပ်ရှားမှုများဆောင်ရွက်ခြင်းဖြင့် ဆိုးရွားသည့် အကျိုးဆက်များရရှိမည် ဖြစ်ကြောင်း ၎င်းတပ်ဖွဲ့က ပြောကြားသည်။ လာရတ်ကျွန်းတိုက်ခိုက်မှုတွင် အီရန်တပ်ဖွဲ့ဝင်များနှင့် နိုင်ငံသားများ အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ပြောကြားသည်။

01 Sep

ADVERTISE HERE .